Eleven Media Group

အမြဲတမ်းပြင်းထန်နေမယ့် အားပြိုင်မှုများနဲ့အတူ

Photo : Getty Images

အာဂျင်တီးနား Vs ဘရာဇီးလ်။ သူတို့က တောင်အမေရိကရဲ့ အင်အားအကြီးဆုံး ဘောလုံးနိုင်ငံနှစ်ခုဖြစ်သလို၊ ကမ္ဘာ့ဘောလုံးလောကမှာ လည်း ဥရောပထိပ်သီးအသင်းတွေနဲ့ အပြိုင်ကြဲနိုင်တဲ့အသင်းတွေပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်က ချန်ပီယံဆု(၅)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု(၃)ကြိမ် ရရှိထားတဲ့ အာဂျင်တီးနားက စတုတ္ထအအောင်မြင်ဆုံးဖြစ်ပါတယ်။

အာဂျင်တီးနား Vs ဘရာဇီးလ်။ သူတို့က တောင်အမေရိကရဲ့ အင်အားအကြီးဆုံး ဘောလုံးနိုင်ငံနှစ်ခုဖြစ်သလို၊ ကမ္ဘာ့ဘောလုံးလောကမှာ လည်း ဥရောပထိပ်သီးအသင်းတွေနဲ့ အပြိုင်ကြဲနိုင်တဲ့အသင်းတွေပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်က ချန်ပီယံဆု(၅)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု(၃)ကြိမ် ရရှိထားတဲ့ အာဂျင်တီးနားက စတုတ္ထအအောင်မြင်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားက လက်ရှိချန်ပီယံအဖြစ်လည်း ရပ်တည်နေပါတယ်။ ဒါကြောင့် သူတို့ နှစ်သင်းထိပ်တိုက်တွေ့တဲ့ပွဲတိုင်းက ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲကြီးပွဲကောင်းတွေဖြစ်လေ့ရှိပြီး ပြိုင်ဆိုင်မှုကလည်း အမြဲလိုလိုပြင်းထန်တတ်ပါတယ်။ အခု သူတို့နှစ်သင်းထိပ်တိုက်ရင်ဆိုင် အမှတ်လုရမယ့်ပွဲစဉ်တစ်ပွဲကို မတ်လ(၂၆)ရက်၊ မြန်မာစံတော်ချိန် မနက်(၆း၃၀) နာရီမှာ မြင်တွေ့ကြရမှာပါ။ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်ဖြစ်ပြီး ဘရာဇီးလ်ကပဲ ပထမအကျော့က ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား၊ အာဂျင်တီးနားကပဲ နိုင်ပွဲထပ်ယူပြီး တောင်အမေရိကဇုန်ရဲ့ ပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းအဖြစ် အောင်ပွဲခံသွားနိုင်မလားဆိုတာ စောင့် ကြည့်ကြရမှာပါ။

အခေါင်အချုပ်
အာဂျင်တီးနားနဲ့ ဘရာဇီးလ်ကို တောင်အမေရိကရဲ့ ဒါဘီပြိုင်ဘက်တွေလို့လည်း သတ်မှတ်နိုင်ပါတယ်။ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL)ရဲ့ လက်အောက်မှာ ဘောလုံးအသင်း (၁၀)သင်းရှိတဲ့အထဲမှာ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့က အကျော်ကြားဆုံးအသင်းတွေပါ။ ဘာကြောင့် ကျော်ကြားသလဲဆိုရင်တော့ ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမားတွေကို အများဆုံးထုတ်လုပ်ပေးနိုင်တဲ့အသင်းတွေ ဖြစ်နေခြင်းနဲ့ အအောင်မြင်ဆုံးအသင်းတွေ ဖြစ်နေတာကြောင့်လို့ပဲ ဆိုရမှာပါ။ အာဂျင်တီးနားက ဒီစတီဖာနို၊ မာရာဒိုနာ၊ မက်ဆီတို့လို အကျော်အမော်ကစားသမားတွေကို ပိုင်ဆိုင်ခဲ့သလို၊ ဘရာဇီးလ်ကလည်း ပီလီ၊ ရော် နယ်လ်ဒို၊ ရော်နယ်လ်ဒင်ဟိုတို့လို အလင်းဆုံးကြယ်ပွင့်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီအသင်းနှစ်သင်းက ထိပ်တန်းကစားသမားတွေကို မှတ်မိသလောက် ချရေးရမယ်ဆိုရင်တောင် တသီတတန်းကြီး ဖြစ်သွားနိုင်ပါတယ်။ ဒီအသင်းနှစ်သင်းက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးစ လုံးမှာ ထိပ်တန်းကစားသမားတွေကို မွေးထုတ်ခဲ့၊ မွေးထုတ်ဆဲ၊ မွေးထုတ်ပေးနေဦးမှာကြောင့်ပါပဲ။ လက်ရှိကာလကတော့ အာဂျင်တီးနားမှာ မက်ဆီ နဲ့ ဘရာဇီးလ်မှာ နေမာတို့ နောက်ဆုံးဦးဆောင်ချိန် လို့ သတ်မှတ်နိုင်ပါတယ်။ လာမယ့်ပွဲမှာ နှစ်ဦးစလုံး ဒဏ်ရာပြဿနာတွေကြောင့် မပါဝင်နိုင်ကြပေမဲ့ ဒဏ်ရာသာ ကင်းစင်နေမယ်ဆိုရင်တော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးဆောင်ခွင့်ရကြမယ့် သူတွေပါ။ အာဂျင်တီးနားက ခြေစစ်ပွဲအောင်မြင်ဖို့ အဖြေပေါ်လုနီးပါး ဖြစ်နေပြီဖြစ်သလို၊ ဘရာဇီးလ်ကလည်း အနှေးနဲ့ အမြန်ဆိုသလို ခြေစစ်ပွဲအောင် မြင်တော့မှာပါ။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက အ သင်း(၄၈)သင်း ပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးမြှင့်ကျင်း ပမှာဖြစ်တာကြောင့် တောင်အမေရိကဇုန်က အသင်း(၆)သင်းအထိ တိုက်ရိုက်ခြေစစ်ပွဲအောင် မြင်မှာဖြစ်ပြီး အဆင့်(၇)ရတဲ့အသင်းက Play-offs ထပ်ကစားရမှာပါ။ ဒီတော့ တောင်အမေရိကဇုန်မှာ အညံ့ဆုံးအသင်း(၃)သင်းသာ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲချော်ရမယ့် အနေအထားမျိုးလည်း ဖြစ်နေပါတယ်။ အခု (၁၃)ပွဲစီ ယှဉ်ပြိုင်ပြီးသွားပြီဖြစ် တာကြောင့် (၅)ပွဲစီသာ ယှဉ်ပြိုင်ကစားဖို့ ကျန်ပါ တော့တယ်။ အဲဒီလိုအခြေအနေမှာ အာဂျင်တီးနား က အဆင့်(၇)နေရာက အသင်းကို (၁၅)မှတ်ဖြတ် ထားပါတယ်။ ဒါကြောင့် လာမယ့်ပွဲမှာ ဘရာဇီးလ် ကို သရေကစားနိုင်ရုံနဲ့ ခြေစစ်ပွဲအောင်ပါပြီ။ ဘရာဇီးလ်ကတော့ အဆင့်(၇)နေရာက အသင်းနဲ့ (၈)မှတ်သာကွာသေးတာကြောင့် ခြေစစ်ပွဲအောင် မြင်ဖို့ စောင့်ရဦးမှာပါ။ ဒါပေမဲ့ အာဂျင်တီးနားနဲ့ ဘ ရာဇီးလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လိုပြိုင် ပွဲ၊ ဘယ်လိုအဆင့်ဆိုတာက အဓိကမကျပါဘူး။ ဗိုလ်လုပွဲတစ်ပွဲကို ယှဉ်ပြိုင်ကစားတဲ့ စိတ်ဓာတ်ပိုင်းနဲ့ အုပ်စုအဆင့်ပွဲတစ်ပွဲကို ယှဉ်ပြိုင်ကစားတဲ့ စိတ်ဓာတ်ပိုင်းက ခြားနားမှုရှိနိုင်ပေမဲ့ တစ်သင်းနဲ့ တစ်သင်း အရှုံးမပေးချင်တဲ့စိတ်တွေ၊ နိုင်လိုစိတ် တွေ ပြည့်နှက်နေတဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးလ် တို့ရဲ့ကြားမှာတော့ ခြားနားချက်က သိပ်မရှိနိုင်ပါ ဘူး။ ဒါကြောင့်လည်း သူတို့ကို ပြိုင်ဘက်များရဲ့ အ ခေါင်အချုပ်လို့ တင်စားကြတာပါ။ မှတ်တမ်းတွေအရ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ရဲ့ ဆုံတွေ့မှုက ၁၉၁၄ မှာ စတင်ခဲ့ပါတယ်။ တောင်အမေရိကက ဥရောပလိုမဟုတ်ဘဲ မှတ်တမ်းမှတ်ရာအားနည်းတာကြောင့် နှစ်သင်းထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲတိုင်း ကို မှတ်တမ်းနိုင်ခြင်းမရှိပါဘူး။ သတင်းရင်းမြစ်အ များစုအပေါ် အခြေခံတွက်ချက်မှုအရတော့ စုစု ပေါင်းပြိုင်ပွဲစုံ (၁၁၀)ပွဲဆုံတွေ့မှုမှာ (၄၂)ပွဲစီ အနိုင် ရပြီး (၂၆)ပွဲ သရေကျခဲ့တယ်လို့ ဆိုပါတယ်။ အာဂျင်တီးနားက နိုင်ပွဲ(၁)ပွဲပိုများတယ်၊ ဘရာဇီးလ်က နိုင်ပွဲ(၂)ပွဲပိုများတယ်ဆိုတဲ့ ငြင်းခုန်မှုတွေလည်း ရှိနေပါတယ်။ ဘရာဇီလ်ဂန္ထဝင်ပီလီရဲ့ သွင်းဂိုးအ ရေအတွက်နဲ့ ပတ်သက်ရင်တောင် အငြင်းပွားစရာ တွေရှိနေတာကြောင့် ပီလီထက် အများကြီးရှေးကျ တဲ့ ဘရာဇီးလ် - အာဂျင်တီးနားပွဲတွေအကြောင်း ငြင်းစရာတွေလည်း ရှိနေတာ သိပ်တော့ မဆန်းပါ ဘူး။ သေချာတာကတော့ ဒီအသင်းနှစ်သင်း တစ် ဖက်သတ် အသာစီးရတာမျိုးမရှိဘဲ မျှခြေအနေအထားလောက်မှာပဲ ရှိခဲ့တာပါ။ အသင်းတစ်သင်းက တစ်ဖက်သတ်အသာစီးရနေခဲ့မယ်ဆိုရင်လည်း တောင်အမေရိကရဲ့ ဒါဘီပြိုင်ဘက်တွေ၊ ဘောလုံးလောကရဲ့ အခေါင်အချုပ်ပြိုင်ဘက်တွေအဖြစ် သတ်မှတ်ခံရမှာမဟုတ်ပါဘူး။

ပြောင်းလဲလာခဲ့
အောင်မြင်မှုချင်း နှိုင်းယှဉ်မယ်ဆိုရင်လည်း ဒီနှစ်သင်းကြားမှာ ကွာခြားမှုသိပ်မရှိပါဘူး။ ကမ္ဘာ့ ဖလားချန်ပီယံဆုကို ဘရာဇီးလ်က (၅)ကြိမ်ရရှိပြီး အာဂျင်တီးနားက (၃)ကြိမ်ရရှိထားပါတယ်။ တောင်အမေရိကဒေသရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါအမေရိကမှာတော့ အာဂျင်တီးနားက ချန်ပီယံဆု (၁၆)ကြိမ်ရရှိပြီး ဘရာဇီးလ်က (၉)ကြိမ် ရရှိထားပါတယ်။ အိုလံပစ်ချန်ပီယံဆုကို (၂)ကြိမ်စီ ရရှိထားပါတယ်။ လူငယ်အဆင့်မှာ ယူ-၂၀ ကမ္ဘာ့ ဖလားချန်ပီယံဆုကို အာဂျင်တီးနားက (၆)ကြိမ်၊ ဘရာဇီးလ်က (၅)ကြိမ်ရရှိထားပါတယ်။ ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကိုတော့ ဘရာဇီးလ်က (၄) ကြိမ်ရရှိပြီး အာဂျင်တီးနားက မရဖူးသေးပါဘူး။ လူငယ်အဆင့်ပြိုင်ပွဲတွေမှာ ဘရာဇီးလ်က အောင်မြင်မှုပိုမိုရရှိပြီး အကြီးတန်းပြိုင်ပွဲတွေမှာတော့ သိပ်မကွာခြားပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ အခြေအနေတစ်ရပ်ကိိုတော့ သိသိသာသာမြင်တွေ့လာရပါတယ်။ ဘရာဇီးလ်အသင်းက ကမ္ဘာ့ဘောလုံးစင်မြင့်ထက် ဆုဖလားအောင်ပွဲနဲ့ ဝေးကွာလာချိန်မှာ အာဂျင်တီးနားက ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ကိုပါအမေရိကချန်ပီယံဆုတွေ ဆက် တိုက်ရယူနိုင်ခဲ့တာပါ။ ဘရာဇီးလ်က ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပေမဲ့ ၂၀၀၂ နောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ပါတယ်။ နောက်ဆုံး(၁၅)နှစ်တာ ကာလအတွင်းမှာ ကိုပါအမေရိကချန်ပီယံဆုကိုလည်း ၂၀၁၉ တစ်ကြိမ်သာ ရရှိခဲ့ပါတယ်။ အာဂျင်တီးနားကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ပြန်လည်ရယူနိုင် ခဲ့သလို၊ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ချန်ပီယံဆု ကို နောက်ဆုံးနှစ်ကြိမ်ဆက် ရယူနိုင်ခဲ့ပါတယ်။ အ သင်းရဲ့ ဦးဆောင်ကစားသမား မက်ဆီ အနားမယူ ခင်မှာ လိုချင်နေတဲ့၊ လိုအပ်နေတဲ့ ချန်ပီယံဆုတွေ ကို သိမ်းကြုံးရယူနိုင်ခဲ့သလိုပါပဲ။ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို မက်ဆီ မမွေးခင် ၁၉၈၆ မှာ နောက်ဆုံးရရှိခဲ့ပြီး ကိုပါအမေရိက ချန်ပီယံဆုကိုလည်း မက်ဆီကလေးဘဝ ၁၉၉၃ မှာ နောက်ဆုံးရရှိခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မက်ဆီက အားလုံးကို သိမ်းပိုက်ရယူသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်သွားလိုစိတ်တွေလည်း ပြင်းထန်နေပါတယ်။ ချန်ပီယံဆုတွေ ဆက်တိုက်ရယူထားတဲ့ အာဂျင်တီးနားအသင်းက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အ ဆင်သင့်ဖြစ်နေသလိုပုံစံမျိုးလည်း တွေ့နေရပါ တယ်။ အာဂျင်တီးနားအသင်းက စင်းလုံးချောပြည့် စုံကောင်းမွန်နေတဲ့အသင်း မဟုတ်ဘူးဆိုတာကို တော့ ကိုလံဘီယာ၊ ပါရာဂွေးတို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေ က သက်သေပြနေပါတယ်။ ဒါပေမဲ့ မက်ဆီ မပါနိုင်တဲ့ပွဲတွေမှာလည်း နိုင်ပွဲရယူနိုင်တာကိုတော့ ချီးကျူးရမှာပါ။ လာမယ့်ပွဲကို မက်ဆီနဲ့ လော်တာရိုမာတီနက်ဇ်အပါအဝင် ဒီဘားလား၊ ဆယ်လ်ဆိုတို့လည်း လွဲချော်ရမှာဖြစ်ပေမဲ့ ဘရာဇီးလ်အသင်းမှာလည်း ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရ မယ့်သူတွေ ရှိနေတာပါပဲ။ အာဂျင်တီးနားနဲ့ပွဲမတိုင်ခင် ဘရာဇီးလ်လူစာရင်းကနေ အယ်လစ်ဆန်၊ ဂါဘရီယဲလ်၊ ဂီမာရေ့စ်နဲ့ ဂါဆန်တို့ နုတ်ထွက်ခဲ့ကြပြီး ကစားသမားသစ်(၄)ဦး အစားထိုး ခေါ်ယူထားရပါ တယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်မှာ အာဂျင်တီးနား ရော ဘရာဇီးလ်ပါ လူစုတက်စုံနဲ့၊ အတောင့်တင်း ဆုံးလူစာရင်းနဲ့ ယှဉ်ပြိုင်နိုင်မယ့်အခြေအနေတော့ ရှိမနေကြပါဘူး။ ယှဉ်ပြိုင်ရမယ့် ပွဲအနေအထားကလည်း တောင်းဆိုမှု သိပ်မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဒီနှစ်သင်းက ဘယ်လိုအခြေအနေမျိုးမှာမဆို အားပြိုင်မှုပြင်းထန်နေတတ်တာကြောင့် အကြိတ်အ နယ်ပွဲတစ်ပွဲ ဖြစ်လာမှာတော့ သေချာပါတယ်။ လတ်တလောဆုံတွေ့မှုမှတ်တမ်းမှာတော့ အာဂျင်တီးနားက အပေါ်စီးမှာ ရှိနေပါတယ်။ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ (၄)ပွဲမှာ အာဂျင်တီးနားက (၃)ပွဲနိုင်၊ (၁) ပွဲသရေ ကစားနိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ ဘရာဇီးလ်ကိုလည်း ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘရာဇီးလ်အသင်းကလည်း အာဂျင်တီးနားမြေမှာ ပြန်လည်အနိုင်ယူပြ လိုစိတ်တွေ ပြင်းထန်နေမှာပါ။

မူရင်းသတင်း — Eleven Media Group