
တူဟယ်လ်ရဲ့အင်္ဂလန်အသင်းနည်းပြဘဝပထမဆုံးပွဲကတော့ နိုင်ပွဲနဲ့အတူလှပခဲ့ပါတယ်။ အင်္ဂလန်အသင်းက ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားရပြီးနောက် နိုင်ငံတကာအောင်မြင်မှု ထပ်မရသေးပါဘူး။ အဲဒီမှတ်တမ်းဆိုးကို နည်းပြအဆက်ဆက်ပြောင်းလဲဖို့ကြိုးစားပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ အခု တူဟယ်လ်က အင်္ဂလန်အသင်းရဲ့ကျိန်စာဆိုးကို ပြောင်းလဲနိုင်မလား။ အင်္ဂလန်အသင်းအတွက် အနီးဆုံးပြိုင်ပွဲက ၂၀၂၆ ကမ္ဘာ့ဖလားဖြစ်ပြီး လက်ရှိကြယ်ပွင့်ကစားသမားတွေရဲ့အစွမ်းကြောင့် မျှော်လင့်ချင်စရာကောင်းနေတာပါ။ ပြီးခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းက ဆုဖလားတွေနဲ့ နီးစပ်ခဲ့လို့လည်း ၂၀၂၆ ကမ္ဘာ့ဖလားကို အင်္ဂလန်အသင်းပရိသတ်တွေက ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အထိမ်းအမှတ် နှစ်(၆၀)ပြည့်အ အထိမ်းအမှတ် အောင်ပွဲလိုချင်တာပါ။ တူဟယ်လ်လက်ထက် အင်္ဂလန်အသင်းရဲ့ပြောင်းလဲမှုနဲ့ ထူးခြားချက်ကို ဖော်ပြပေးချင်ပါတယ်။
တူဟယ်လ်ရဲ့အင်္ဂလန်အသင်းနည်းပြဘဝပထမဆုံးပွဲကတော့ နိုင်ပွဲနဲ့အတူလှပခဲ့ပါတယ်။ အင်္ဂလန်အသင်းက ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားရပြီးနောက် နိုင်ငံတကာအောင်မြင်မှု ထပ်မရသေးပါဘူး။ အဲဒီမှတ်တမ်းဆိုးကို နည်းပြအဆက်ဆက်ပြောင်းလဲဖို့ကြိုးစားပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ အခု တူဟယ်လ်က အင်္ဂလန်အသင်းရဲ့ကျိန်စာဆိုးကို ပြောင်းလဲနိုင်မလား။ အင်္ဂလန်အသင်းအတွက် အနီးဆုံးပြိုင်ပွဲက ၂၀၂၆ ကမ္ဘာ့ဖလားဖြစ်ပြီး လက်ရှိကြယ်ပွင့်ကစားသမားတွေရဲ့အစွမ်းကြောင့် မျှော်လင့်ချင်စရာကောင်းနေတာပါ။ ပြီးခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းက ဆုဖလားတွေနဲ့ နီးစပ်ခဲ့လို့လည်း ၂၀၂၆ ကမ္ဘာ့ဖလားကို အင်္ဂလန်အသင်းပရိသတ်တွေက ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အထိမ်းအမှတ် နှစ်(၆၀)ပြည့်အ အထိမ်းအမှတ် အောင်ပွဲလိုချင်တာပါ။ တူဟယ်လ်လက်ထက် အင်္ဂလန်အသင်းရဲ့ပြောင်းလဲမှုနဲ့ ထူးခြားချက်ကို ဖော်ပြပေးချင်ပါတယ်။
(၁) ကစားကွက်အပြောင်းအလဲ
တူဟယ်လ်ရဲ့အင်္ဂလန်အသင်းနည်းပြဘ၀ ပထမဆုံးပွဲမှာ ဘယ်လိုကစားကွက်မျိုး ခံစားခွင့်ရမလဲ ဆိုတာ ပရိသတ်တွေ ရင်ခုန်ခဲ့တယ်။ နည်းပြဟောင်း ဆောက်ဂိတ်တုန်းကလို ခံစစ်လုံခြုံရေး ဦးစားပေးပြီး ဆွဲဆောင်မှုမရှိတဲ့ဟန်မျိုး ထပ်မြင်ရမှာ စိုးရိမ်ခဲ့ကြတာပါ။ တူဟယ်လ်ကလည်း ပရီးမီးယားလိဂ်စတိုင် Physical Game ကစားမယ့် သဘောမျိုးပြောဖူးလို့ အဂ်လန်ပရိသတ်တွေ မျက်ခုံးလှုပ်ခဲ့ပါတယ်။ တူဟယ်လ်က နည်းဗျူဟာ စုံသူဖြစ်လို့ ဘယ်လိုကစားကွက်ခင်းကျင်းမလဲ စောင့်ကြည့်ခဲ့တယ်။ တူဟယ်လ်က အင်္ဂလန်နည်းပြဘ၀ ပထမဆုံးပွဲမှာ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တူဟယ်လ်ရဲ့အသင်းတွေက စိတ်ဓာတ်ပြင်းထန်မှုနဲ့ Pressing ပေါင်းစပ်ထားတယ်။ အင်္ဂလန်ကစားသမားတွေနဲ့ ပူးပေါင်းတာ ရက်ပိုင်းပဲရှိသေးလို့ အဲဒီလိုဟန်မျိုး ချက်ချင်းမမြင်ရသေးတာ အပြစ်မဟုတ်ပါဘူး။ ဖျော်ဖြေရေးဆန်လွန်းတဲ့ အသင်းမျိုး မဟုတ်သေးပါဘူး။ ဒါပေမဲ့ အင်္ဂလန်ကစားတာ စမတ်ကျပြီး ပြိုင်ဘက်ကို အပြတ်အသတ် လွှမ်းမိုးနိုင်ခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှု (၇၄) ရာခိုင်နှုန်းရှိပြီး ဂိုးပေါက်ကန်သွင်းခွင့် (၁၂)ကြိမ်ရခဲ့တယ်။ ပထမပိုင်းမှာ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု (၄၃၇)ကြိမ် ရှိပြီး ဒါဟာ ထူးချွန်လွန်းတဲ့ စွမ်းရည်ပါ။
(၂) ဟာရီကိန်းရဲ့သွင်းဂိုး
အယ်လ်ဘေးနီးယားအသင်းနဲ့ပွဲမှာ ဟာရီကိန်းက အင်္ဂလန်လက်ရွေးစင် သွင်းဂိုး(၇၀) ပြည့်ခဲ့တယ်။ တူဟယ်လ်မတိုင်ခင် အင်္ဂလန်အသင်းနည်းပြတွေဖြစ်တဲ့ ဟော့ဒ်ဆန်၊ ဆောက်ဂိတ်တို့ရဲ့ အင်္ဂလန်နည်းပြဘ၀ ပထမဆုံးပွဲတွေမှာလည်း ဟာရီကိန်း ဂိုးသွင်းဖူးတယ်။ နည်းပြသစ်သုံးဦးရဲ့ပထမဆုံးပွဲမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် ဟာရီကိန်း စံချိန်တင်ခဲ့တာပါ။ ဟာရီကိန်းရဲ့ Finishing Skill က သပ်ရပ်ထက်မြက်နေဆဲ ဖြစ်ပြီး နေရာယူရွေ့လျားပုံကလည်း မာစတာအဆင့်ပါ။ ကစားကွက်တည်ဆောက်မှုအပိုင်းမှာလည်း ဟာရီကိန်းက အရေးပါသူဖြစ်ခဲ့ပါတယ်။ တူဟယ်လ်နဲ့ ဘိုင်ယန်မြူးနစ်မှာဆုံခဲ့တုန်းက (၄၅)ပွဲမှာ (၄၄)ဂိုးအထိ သွင်းယူကာ အစွမ်းပြခဲ့သလိုမျိုး တူဟယ်လ်ရဲ့အင်္ဂလန်အသင်းနည်းပြဘဝမှာလည်း ဟာရီကိန်းက ဂိုးလာဘ်ပွင့်ခဲ့ပါပြီ။
(၃) ရပ်ရှ်ဖို့ဒ်နဲ့ ဖိုဒန်ရဲ့စွမ်းရည်
တူဟယ်လ်က ရပ်ရှ်ဖို့ဒ်နဲ့ ဖိုဒန်ကို တောင်ပံတိုက်စစ်အတွက် ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးစလုံး ခြေစွမ်းမပြနိုင်ခဲ့ဘဲ လူစားလဲခံရတယ်။ ရပ်ရှ်ဖို့ဒ်က ဘောလုံးထိချက် နည်းလွန်းခဲ့သလို၊ ထိရောက်တဲ့ပေးပို့မှုလည်း မလုပ်နိုင်ခဲ့ဘူး။ ဖိုဒန်ကလည်း တောင်ပံတိုက်စစ်ကစားသမားအဖြစ် အံမဝင်တော့ဘူး။ သူက No.10 Role ပုံစံ ဖြစ်နေတာကြာပြီ။ တူဟယ်လ်ကတော့ လေ့ကျင့်ရေးကွင်းစွမ်းဆောင်ရည်ကြောင့် ဖိုဒန်နဲ့ ရပ်ရှ်ဖို့ဒ်ကို ဦးစားပေးခဲ့တာဆိုပြီး ရှင်းပြတယ်။ သူတို့နှစ်ဦး ခြေစွမ်းမပြနိုင်လို့ အံ့အားသင့်မိတယ်လို့လည်း ပြောပါတယ်။
(၄)သုံးဆယ်ကျော်မှ စန်းထတဲ့ ဘန်း
နယူးကာဆယ်အသင်းနောက်ခံလူ ဘန်း အတွက် Dream Week ပါပဲ။ လိဂ်ဖလားဖိုင်နယ်မှာ လီဗာပူးလ်ဘက် တစ်ဂိုးသွင်းပြီး ချန်ပီယံဆုရသလို၊ (၃၂)နှစ်အရွယ်ရောက်မှ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းအတွက် ပထမဆုံး ရွေးချယ်ခံရချိန်မှာ ပထမဆုံး ပွဲထွက်ခွင့်ရပြီး အစွမ်းပြနိုင်ခဲ့တာလည်း ဘန်းအတွက် ဂုဏ်ယူစရာပါ။ အရပ် (၆)ပေ (၇)လက်မမြင့်မားတဲ့ တာဝါတိုင်လို ဘန်း က အင်္ဂလန်ကစားသမားဘ၀ ပထမဆုံးပွဲမှာ ဘောလုံးပေးပို့မှု (၁၃၇)ကြိမ်မှာ (၁၃၅) ကြိမ်အထိ အောင်မြင်ခဲ့သလို၊ ဘောလုံးရှင်းထုတ်မှု (၇)ကြိမ်၊ လေထဲဘောလုံးယှဉ်လုနိုင်မှု (၄)ကြိမ်၊ လျှောထိုး ဖျက်ထုတ်မှု နှစ်ကြိမ်နဲ့ အစွမ်းပြခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ် ဘားတန်းထိ ထွက်ခဲ့လို့သာ ဂိုးမသွင်းနိုင်ခဲ့တာပါ။
(၅) ကြယ်ပွင့်လေး လူးဝစ်ဆကယ်လီ
လူးဝစ်ဆကယ်လီက အင်္ဂလန်လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးပွဲမှာ ဂိုးသွင်းပြလိုက်တယ်။ ဒီချာတိတ်လေးဟာ အာဆင်နယ်မှာပဲ အသံကျယ်တဲ့ ပါရမီရှင်မဟုတ်ဘူးဆိုတာ သက်သေပြလိုက်တာပါပဲ။ ဒီလိုနဲ့ပဲ လူးဝစ်ဆကယ်လီက အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူတစ်ဦး ဖြစ်လာတယ်။ သူ့မှာ အတောင်အလက်တွေစုံနေပုံက အိန်ဂျယ်လိုပဲ။ ဟိုးအမြင့်ကြီးဆီ ပျံသန်းဖို့ရာ သူ့နှလုံးသွေးတွေ နိုးကြားနေပါပြီ။ ဒီချာတိတ်လေးက အာဆင်နယ် ယူ-၂၁အသင်းမှာ နေရာရဖို့ ရုန်းကန်နေရာကနေ အခု အင်္ဂလန်အသင်းအတွက် ဂိုးသွင်းလိုက်ပြီတဲ့။ ဘယ်လောက်အံ့အားသင့်စရာကောင်းလဲ။ လူငယ် တစ်ယောက်ရဲ့အလင်းရထားဟာ သိပ်ပြီးမြန်ဆန်တာပဲ။
အယ်လ်ဘေးနီးယားဟာ အင်္ဂလန်နည်းပြသစ် တူဟယ်လ်ရဲ့ပထမဆုံး စမ်းသပ်ခန်းပဲ။ ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားမှုအမှတ်တံဆိပ်ကြီးဟာ တူဟယ်လ်နဲ့ အဆင်ပြေပါ့မလား စိုးရိမ်စိတ်လေး မပိုရအောင် လူးဝစ်ဆကယ်လီက သွင်းဂိုးတစ်ဂိုးနဲ့ ကူညီစောင်မပေးခဲ့တယ်။ ဝင်ဘလေဆိုတာ ကစားသမားတိုင်း အစွမ်းပြချင်တဲ့ သမိုင်းဝင်ကွင်းကြီး၊ လူးဝစ်ဆကယ်လီက သမိုင်းဝင်နေရာမှာ သမိုင်းတွင်အောင် ဂိုးတစ်ဂိုး သွင်းပြလိုက်တာ၊ အသက် ၁၈ နှစ်၊ ၁၇၆ ရက်နဲ့ အင်္ဂလန်အတွက် ပထမဆုံးပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားစံချိန် ပိုင်ဆိုင်ခဲ့တာပါပဲ။ အခုလိုမျိုး သမိုင်းတွင်မယ့်ဂိုးကြောင့်လူးဝစ်ဆကယ်လီက ပြောစရာ စကားလုံးမရှိပါဘူး။ သူ့အစား အာဆင်နယ်အသင်းဖော် ဒက်ကလန်ရိုက်စ်က ပြောပေးရတယ်။ "လူးဝစ်စကယ်လီက အထိတ်အလန့် မရှိသူပါ။ သူ့ရဲ့ယုံကြည်ချက်ကြောင့် အခုလိုမျိုး ကစားနိုင်တာပါ။ ပထမဆုံးပွဲမှာပဲ သူခြေစွမ်းပြနိုင်တာပါ"လို့ ဒက်ကလန်ရိုက်စ် ပြောခဲ့တယ်။ အင်္ဂလန်အသင်းနည်းပြ တူဟယ်လ်ကလည်း သိပ်ပြီးအံ့အားသင့်စရာကောင်းသူဆိုပြီး ချီးကျူးတယ်။ လေ့ကျင့်ရေးကွင်းမှာ မြင်ကတည်း က လူးဝစ်ဆကယ်လီကို တူဟယ်လ် အထင်ကြီးခဲ့တာပါ။ ဘယ်လောက်ကြိုးစားလဲဆိုတာ သိခဲ့ပါတယ်။
လူးဝစ်ဆကယ်လီအတွက် လက်ရှိရာသီဟာ မျှော်လင့်ထားတာတက် ပိုပြီးကြည်နူးစရာ ဖြစ်နေပါတယ်။ အာဆင်နယ်အကယ်ဒမီထွက် ကြယ်ပွင့်အဖြစ် ပရီးမီးယားလိဂ်မှာ ကိုယ်ထင်ပြနေပါတယ်။ အာဆင်နယ်အတွက် သူ (၂၆)ပွဲအထိ ကစားခွင့်ရထားတာပါ။ အင်္ဂလန်နဲ့ အာဆင်နယ် ဘယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်က "လူးဝစ်ဆကယ်လီရဲ့တိုးတက်နှုန်းက သိပ်ပြီး မြန်ဆန်ပါတယ်။ တစ်ခါတလေတော့လည်း သူ့လို လူငယ်ကြယ်ပွင့်မျိုးကို ဂရုတစိုက်ထိန်းသိမ်းရပြီး ပွဲထွက်ခွင့်ကို ချင့်ချိန်ပေးရပါမယ်"လို့ သတိပေးခဲ့တယ်။
အာဆင်နယ်အသင်းအကယ်ဒမီကို အသက်ရှစ်နှစ်အရွယ်မှာ လူးဝစ်ဆကယ်လီ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လူးဝစ်ဆကယ်လီက အာဆင်နယ်အကယ်ဒမီနဲ့ ကျောင်းအသင်းတွေမှာ ကစားနေခဲ့တယ်။ အဲဒီအချိန်တုန်းက လူးဝစ်ဆကယ်လီက ဗဟိုခံစစ်ကစားသမားအဖြစ် အသုံးတော်ခံခဲ့တာပါ။ အဲဒီနေရာမှာကစားရတာ လူးဝစ်ဆကယ်လီ သဘောကျပါတယ်။ ခံစစ်ကနေ တိုက်စစ်ကို ဘောလုံးဆွဲပြေးပြီး ကူညီပေးတဲ့ မော်ဒန်ခံစစ်ကစားသမား ဖြစ်ခဲ့ဖူးတယ်။ အဲဒီနောက် အာဆင်နယ်အသင်းကြီးအတွက် ပထမဆုံးကစားပေးချိန်မှာ လူးဝစ်ဆကယ်လီက ဘယ်နောက်ခံလူဖြစ်လာတာပါ။ တကယ်ဆိုရင် ဘယ်နောက်ခံလူ နေရာထက် ဗဟိုခံစစ်ကစားသမားအဖြစ် ကစားချင်ပေမဲ့ အခုအချိန်မှာ အာဆင်နယ်အသင်းကို ကူညီရရင်ကျေနပ်ပြီလို့ လူးဝစ်ဆကယ်လီ သဘောထားပါတယ်။ မတူညီတဲ့ တောင်ပံကစားသမားတွေကို ဟန့်တားရတာ လူးဝစ်ဆကယ်လီ သဘောကျလာပါပြီ။ လက်ရှိဘောလုံးလောကမှာ တစ်နေရာတည်း ကစားတတ်လို့မရပါဘူး။ လူးဝစ်ဆကယ်လီက ကွင်းလယ်လူအဖြစ် ကစားရရင်လည်း အဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်။ ခံစစ်အစွန်လူနဲ့ ကွင်းလယ်လူတွေရဲ့အသွင်အပြင်ဟာ အခုခေတ်မှာ သိပ်ပြီးမကွာခြားတော့ဘူးဆိုတာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အကောင်းဆုံး သက်သေပါ။ လူးဝစ်ဆကယ်လီက အာဆင်နယ် အတွက်သာမကဘဲ အင်္ဂလန်အတွက်ပါ အစွမ်းပြနေပါပြီ။ သူ့ကို ရပ်တန့်လို့မရပါဘူး။ လူငယ်တွေ ဘုန်းတန်ခိုးကြီးမားတဲ့ အာဆင်နယ်ရဲ့ အစဉ်အလာအတိုင်း လူးဝစ်ဆကယ်လီလည်း တောက်မယ့် မီးခဲတရဲရဲအဖြစ် ကမ္ဘာသိအောင် ကြေညာနေပါပြီ။