Eleven Media Group

ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခြင်းမရှိခဲ့ပါက ဆယ်စုနှစ်များစွာ ခြောက်လှန့်ခံနေရလိမ့်မည်ဟု လီဗာပူးလ်ကစားသမားများကို အာနယ်ဆလော့ သတိပေး

Photo: Shutters

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခြင်းမရှိခဲ့ပါက ဆယ်စုနှစ်များစွာ ခြောက်လှန့်ခံနေရလိမ့်မည်ဟု ကစားသမားများကို သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၉) အပြီးတွင် ဒုတိယနေရာမှ အာဆင်နယ်အသင်းကို (၁၂)မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်သည့်အတွက် ချန်ပီယံဆုရရှိရန် သေချာသလောက်ဖြစ်နေပြီဟု သတ်မှတ်ခံထားရသော်လည်း အာနယ်ဆလော့က အတိမ်းအစောင်းမဖြစ်စေရန် ကစားသမားများကို သတိပေးခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ယခုကဲ့သို့ ပွဲစဉ်အနေအထား ရောက်ရှိချိန်၌ ယခုပမာဏအထိ အမှတ်ဖြတ်ထားနိုင်သည့်အသင်းများ ချန်ပီယံဆုနှင့် လွဲချော်သည်မှာ မရှိဖူးသေးပေ။
သို့သော် လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ဖလား (၄)လုံးအောင်ပွဲ မျှော်လင့်နိုင်သည့်အနေအထားမှ ဖလား (၃)လုံးမျှော်လင့်ချက်ကို ဖေဖော်ဝါရီနှင့် မတ်လအတွင်းတွင် စွန့်လွှတ်ခဲ့ရသည်။
ဖေဖော်ဝါရီလအတွင်း ပလိုင်းမောက်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီး မတ်လအတွင်း PSG အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသလို၊ နယူးကာဆယ်အသင်းကိုလည်း လိဂ်ဖလားဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ရသည်။
ထို့ ကြောင့် အာနယ်ဆလော့က ပရီးမီးယားလိဂ်ချန်ပီယံအခွင့်အရေးကို မဖြုန်းတီးပစ်ရန် သတိပေးခဲ့ခြင်းဖြစ်သည်။
''ဒါဟာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကျွန်တော် သိပါတယ်။ နည်းပြအနေနဲ့ပဲဖြစ်ဖြစ် ကစားသမားအနေနဲ့ပဲဖြစ်ဖြစ် ဆုဖလားတွေ မရယူနိုင်ဘူးဆိုရင် အဲဒါက ဆယ်စုနှစ်များစွာ ခြောက်လှန့်နိုင်ပါတယ်။ သတိရနေမယ့် နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။ ၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဟော်လန်အသင်းကို ကြည့်လိုက်ပါ။ အဲဒီကမ္ဘာ့ဖလားကို ကြည့်ခဲ့ရတဲ့လူတိုင်းက ဟော်လန်အသင်းကို ချန်ပီယံအသင်းနဲ့အတူ မှတ်မိနေကြပါတယ်။ ဒါပေမဲ့ သူတို့ ချန်ပီယံဆု မရခဲ့ကြပါဘူး။ သူတို့ရဲ့ ကစားပုံကြောင့် မှတ်မိနေကြတာပါ။ ကျွန်တော်ကတော့ ပွဲတွေကို တတ်နိုင်သမျှ များများအနိုင်ရချင်သလို၊ လူတွေရဲ့ မှတ်ညဏ်ထဲမှာလည်း ရှိနေချင်ပါတယ်။ ဒါဟာလည်း ကျွန်တော့်အမြင်မှာ ဆုဖလားတစ်ခုလိုပါပဲ။ လူတွေက ကျွန်တော့်ကို အမြဲတမ်းတိုက်စစ်ဆင်ဖို့ တွေးနေတဲ့နည်းပြလို့ သတ်မှတ်တာကို ကျွန်တော် သဘောကျပါတယ်။ တိုက်စစ်ဆင်ပြီး အခွင့်အရေးတွေ ပိုရလာတဲ့အခါ အနိုင်ရသူ ဖြစ်လာမှာပါ။ ကိုယ်လိုချင်တာကို စွန့်စားခန်းဖွင့်ပြီး လုပ်ဆောင်တာက ကြောက်ကြောက်ရွံ့ရွံ့လုပ်ဆောင်တာထက် ဆုလာဘ်တွေ ပိုပြီးရရှိစေပါတယ်။ အနာဂတ်မှာ ကျွန်တော် ရှုံးပွဲတွေအများကြီး ကြုံတွေ့ရဦးမှာ သေချာပါတယ်။ ဒါပေမဲ့ ခံစစ်စိတ်ဓာတ်နဲ့တော့ ဘယ်တော့မှ ရှုံးမှာ မဟုတ်ပါဘူး''ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။
အာနယ်ဆလော့က လက်ကျန်ပွဲများတွင်လည်း နိုင်ပွဲကို ဦးတည်၍ တိုက်စစ်ဆင်ကစားသွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
လီဗာပူးလ်အသင်းသည် လက်ကျန်ပရီးမီးယားလိဂ် (၉)ပွဲတွင် အဲဗာတန်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ လက်စတာ၊ စပါး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်၊ ပဲလေ့စ်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ချန်ပီယံဆုရရှိရန် (၁း၃၃)လေး သတ်မှတ်ခံထားရသည်။
အာဆင်နယ်အသင်းက (၂၂း၁)လေး သတ်မှတ်ခံထားရပြီး နော်တင်ဟမ်အသင်းက (၅ဝဝး၁) လေး သတ်မှတ်ခံထားရသည်။
မန်စီးတီးက (၇၅ဝး၁)လေး သတ်မှတ်ခံထားရကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group