
အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဂိုး(၁၀၀)အထက် သွင်းယူနိုင်မည့်သူဟု ချီးကျူးပြောကြားခဲ့သည်။
ဟာရီကိန်းသည် လက်ရှိအချိန်တွင် အင်္ဂလန်အသင်းအတွက် (၁၀၄)ပွဲကစားကာ ဂိုး(၇၀)သွင်းယူထားပြီး အင်္ဂလန်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။
''သူ လေ့ကျင့်နေတာကို ကာလရှည် မြင်တွေ့ခဲ့ရသလို၊ အင်္ဂလန်အသင်းအတွက် ပွဲတွေအများကြီး ကစားခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ သူ့လို ထိပ်တန်းအဆင့်မှာ အကြာကြီးကစားနိုင်တဲ့သူ များများစားစားမရှိပါဘူး။ သူက မယုံနိုင်စရာကောင်းတဲ့လူ၊ ကြီးကျယ်ခမ်းနားတဲ့ အသင်းခေါင်းဆောင်ပါ။ သူက အင်္ဂလန်အသင်းအတွက် ဂိုး (၇၀) သွင်းယူထားပါပြီ။ သူ ဂိုး(၁၀၀)အမှတ်အသားကို ရောက်ရှိမှာ သေချာပါတယ်။ ဒီမှတ်တမ်းကို သူရရှိမှာ သေချာပါတယ်''ဟု ဒက်ကလန်ရိုက်စ်က ပြောကြားခဲ့သည်။
ဟာရီကိန်းသည် အင်္ဂလန်လက်ရွေးစင်အသင်း၏ ပွဲအများဆုံးကစားသမားစာရင်းတွင်လည်း အဆင့်(၁၀)နေရာရပ်တည်နေပြီး မကြာမီ အဆင့်(၅)နေရာသို့ တက်လှမ်းနိုင်ဖွယ်ရှိနေသည်။