Eleven Media Group

လီဗာပူးလ်အသင်းတွင် ခီယေဆာ ပျော်ရွှင်နေသည်ဟု ၎င်း၏ဖခင်ဖြစ်သူ ပြောကြား

Photo: X

လီဗာပူးလ်အသင်းတွင် ပွဲကစားခွင့်မရခြင်းကြောင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် အီတလီတိုက်စစ်ကစားသမား ခီယေဆာ၏ ဖခင်ဖြစ်သူက ခီယေဆာသည် လီဗာပူးလ်အသင်းတွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သည်။
ခီယေဆာ(၂၇ နှစ်)သည် ၂၀၂၄ နွေရာသီတွင် ဂျူဗင်တပ်စ်မှ လီဗာပူးလ်သို့ ပေါင်(၁၂.၅)သန်းဖြင့်် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ၌ (၃၈၇)မိနစ်သာ ကစားခွင့်ရရှိထားသည်။
ခီယေဆာသည် ပရီးမီးယားလိဂ်တွင် (၂၅)မိနစ်၊ ချန်ပီယံလိဂ်တွင် (၁၀၇)မိနစ်၊ လိဂ်ဖလားတွင် (၁၂၀)မိနစ်၊ FA ဖလားတွင် (၁၃၅)မိနစ် ကစားခွင့်ရထားခြင်းဖြစ်သည်။
ထို့ကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်နေသော်လည်း ဖခင်ဖြစ်သူက ''ခီယေဆာက လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ ထိပ်သီးအသင်းပါ။ သူက အခွင့်အရေးရလာမယ့်အချိန်ကို စောင့်နေပါတယ်။ အရှုံးမပေးဖို့ သူ့ကို ငယ်ငယ်ကတည်းက မှာထားခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
ခီယေဆာသည် လီဗာပူးလ်တွင် ပွဲကစားခွင့် နည်းပါးနေသည့်အတွက် အီတလီလက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံရခြင်းမရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group