
လာမည့်ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ၎င်းတို့၏ ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ကြည်လင်းကို ပြန်လည်ခေါ်ယူလိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာ့လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ကြည်လင်းသည် ပြီးခဲ့သည့်ရာသီ MNL League Cup ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့ပြီး အမှတ်ပေးလိဂ်ပြိုင်ပွဲအစတွင် အသင်းဟောင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်ထံသို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကြည်လင်းသည် ရခိုင်ယူနိုက်တက်အသင်းထံ၌ ပြန်လည်ကစားရန် ဆန္ဒပြင်းပြနေပြီး လေ့ကျင့်ရေးကွင်းသို့ အစောဆုံးလာရောက်ခြင်း၊ စည်းကမ်းတိကျစွာ နေထိုင်ခြင်း။ ဂျူနီယားကစားသမားများအပေါ် နွေးထွေးစွာပြုမူဆက်ဆံခြင်း အစရှိသည့်အချက်များကြောင့် ရခိုင်ယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ဘရာဇီးလ်နိုင်ငံသားနည်းပြ ရီကာဒိုဒါရိုချာကို တာဝန်ပေးခန့်အပ်ထားသည်။
ထို့ပြင် ရခိုင်ယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမားများအဖြစ် ကွင်းလယ်ကစားသမားများဖြစ်သည့် အောင်လှိုင်ဝင်းနှင့် အောင်နိုင်ဝင်းတို့ကိုလည်း ခေါ်ယူထားသည်။