
ဘားအံမြို့တွင်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အဓိကခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည့် သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းမှာ လေးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး သွေးသစ်ဝင်းလှိုင် တစ်ကြိမ်အနိုင်ရကာ နှစ်ကြိမ်သရေကျထားကြောင်း သိရသည်။
သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းသည် လာမည့်ပွဲမတိုင်မီ ယခင်က သုံးကြိမ်တွေ့ဆုံထားခြင်းဖြစ်သည်။
သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းသည် ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာအတွင်းက ဘားအံမြို့တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် တွေ့ဆုံခဲ့ပြီး သုံးချီယှဉ်ပြိုင်ထိုး သတ်ခဲ့ရာ သရေကျခဲ့သည်။
သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းသည် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်းက မြဝတီမြို့တွင် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် တွေ့ဆုံခဲ့ပြီး ငါးချီယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သရေကျခဲ့သည်။
သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းသည် တတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာအတွင်းက ရန်ကုန်မြို့တွင် ကျင်းပသည့် TGL-5 မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် တွေ့ဆုံခဲ့ပြီး သွေးသစ်ဝင်းလှိုင်မှာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်သည်။
ထို့ကြောင့် သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းသည် ယခင်က သုံးကြိမ်တွေ့ဆုံထားပြီး သွေးသစ်ဝင်းလှိုင်က တစ်ကြိမ်အနိုင်ရကာ နှစ်ကြိမ်သရေကျထားသောကြောင့် လာမည့်ပွဲမှာ ယှူးခလိန်းမင်းအတွက် မကျေပွဲအဖြစ် အနိုင်ပြန်ထိုး သတ်နိုင်ရန် လိုအပ်နေသည်။
မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ကရင်ပြည်နယ် ဘားအံမြို့ လှိုင်းထောင်ကျေးရွာတွင် လာမည့် ဧပြီ ၄၊ ၅ ရက်တွင် နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး တစ်နေ့လျှင် တွဲဆိုင်း ၁၁ ပွဲနှင့်အထက် ပြုလုပ်မည်ဖြစ်ကာ အထူးကြားပွဲများ၊ အလံလုပွဲများလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။
ဧပြီ ၄ ရက်တွင် အဓိကခေါင်ပွဲများအဖြစ် ရန်နိုင်ထွန်းနှင့် နေထူးထူး၊ စူပါရေချမ်းနှင့် သွေးသစ်မောင်၊ ဧပြီ ၅ ရက်တွင် အဓိကခေါင်ပွဲများအဖြစ် သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်း၊ သွေးသစ်အောင်နှင့် မင်းမောင်မောင်၊ မိုးထက်အောင်နှင့် မင်းကျော်ဇတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။