Eleven Media Group

ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်ချိန်မှာ နှစ်ပတ်ဝန်းကျင်သာရှိသေးပြီး မိမိ၏နည်းစနစ်နှင့် တဖြည်းဖြည်းအံဝင်လာနေပြီဟု မြန်မာ ယူ-၂၂ အသင်းနည်းပြ ကူရိုဆာကီပြောကြား

Photo: MFF

မြန်မာ ယူ-၂၂ အသင်းနည်းပြဖြစ်သူ ဂျပန်နိုင်ငံသား ကူရိုဆာကီက ၎င်း၏အသင်းမှာ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်ခွင့်ရသည်မှာ နှစ်ပတ်ဝန်းကျင်သာရှိသေးပြီး ကစားသမားများအနေဖြင့် နည်းစနစ်နှင့် တဖြည်းဖြည်းအံဝင်လာနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
မြန်မာ ယူ-၂၂ အသင်းနည်းပြဖြစ်သူ ဂျပန်နိုင်ငံသား ကူရိုဆာကီက ''အသင်းကို စုဖွဲ့ထားတာ တစ်လဝန်းကျင်ပဲရှိပါသေးတယ်။ ကစားသမားအစုံအလင်နဲ့ လေ့ကျင့်ခွင့်ရတာ နှစ်ပတ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ ကျွန်တော့်ကစားသမားတွေက အခုဆိုရင် ကျွန်တော့်ရဲ့နည်းစနစ်နဲ့ တဖြည်းဖြည်း အံဝင်လာနေပါပြီ။ ကျွန်တော်တို့ကတော့ လာမယ့်ဒီဇင်ဘာမှာ ပြုလုပ်မယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရည်မှန်းထားပါတယ်''ဟု ပြောကြားခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့်နိုင်ငံတကာပြိုင်ပွဲများအတွက် အကြိုပြင်ဆင်မှုအနေဖြင့် ပြီးခဲ့သည့်မတ် ၁၉၊ ၂၂ ရက်များက ရန်ကုန်မြို့တွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲစလုံး သရေကျခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းသည် ပထမခြေစမ်းပွဲတွင် ဂိုးမရှိသရေကျပြီး ဒုတိယခြေစမ်းပွဲတွင် နှစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းအတွက် ဂျပန်နည်းပြ ကူရိုဆာကီကို တာဝန်ပေးခန့်အပ်ထားသည်။
နည်းပြ ကူရိုဆာကီသည် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မြန်မာ ယူ-၂၂ အသင်းဖွဲ့စည်းရန် ပဏာမကစားသမားရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး မတ်လဆန်းပိုင်းမှစ၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဟောင်ကောင် ယူ -၂၂ အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ပြည်တွင်း ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားထားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။
မြန်မာ ယူ-၂၂ အသင်းသည် ပြည်တွင်းခြေစမ်းပွဲများတွင် ဒဂုံစတားယူနိုက်တက်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရပြီး ရန်ကုန်တိုင်းအသင်းနှင့် ဂိုးမရှိသရေကျခဲ့ကာ မြန်မာ့လက်ရွေးစင်အသင်းကို(၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားကြောင်း သိရ သည်။
မြန်မာ ယူ -၂၂ အသင်းသည် ယခုနှစ်အတွင်း (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအပါအဝင် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ ချုပ်(AFF) သည် ၂၀၂၅ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကျင်းပမည့်ကာလကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း မြန်မာ ယူ -၂၂ အသင်းသည် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို လာမည့်စက်တင်ဘာအတွင်း၊ (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာအတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group