
မန်ယူအသင်းသည် လာမည့်နွေရာသီတွင် ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိရာ လမ်းခွဲရသည့်ကစားသမား အနည်းဆုံး(၁၀)ဦးရှိနိုင်ကြောင်း Manchester Evening News သတင်းစာက သုံးသပ်ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် နည်းပြအပြောင်းအလဲပြုလုပ်ရသည်အထိ အခြေအနေ ယိမ်းယိုင်ခဲ့ပြီး နည်းပြသစ် အာမိုရင်မ်လက်ထက်တွင်လည်း ရုန်းကန်နေရဆဲဖြစ်သည်။
ထို့ကြောင့် လာမည့်နွေရာသီ၌ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် စီစဉ်နေသလို၊ အသင်း၏ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို လာမည့်(၃)နှစ်အတွင်း ပြန်လည်ရယူနိုင်ရန် ရည်မှန်းထားသည့်အတွက် အကြီးစားပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။
မန်ယူအသင်းသည် ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်သွားရန် ရည်ရွယ်ထားသည့်အပြင် နည်းပြ အာမိုရင်မ် စိတ်ကြိုက်မတွေ့သည့် လက်ရှိအသင်းမှ ကစားသမားများနှင့်လည်း လမ်းခွဲသွားရန် စီစဉ်နေသည်။
လက်ရှိကစားသမားများထဲမှ အီဗန်စ်နှင့် ဟီတန်တို့မှာ လာမည့်နွေရာသီတွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ပြီး အဲရစ်ဆင်နှင့် လင်ဒီလော့ဖ်တို့မှာလည်း စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
မန်ယူအသင်းအနေဖြင့် အဆိုပါကစားသမား(၄)ဦးနှင့် လမ်းခွဲမည်ဖြစ်သည့်အပြင် လက်ရှိအချိန်၌ အငှားချထားသည့် ရပ်ရှ်ဖို့ဒ်၊ အန်တိုနီနှင့် ဆန်ချိုတို့ကိုလည်း အသင်းတွင် ပြန်လည်နေရာပေးလိုခြင်းမရှိတော့သည့်အတွက် အပြီးသတ်ရောင်းထုတ်သွားရန် စီစဉ်နေသည်။
မန်ယူူအသင်း၏ နည်းပြ အာမိုရင်မ်သည် အသင်း၏ နေရာစုံ၌ အားဖြည့်မှုပြုလုပ်သွားရန် ဆန္ဒရှိနေပြီး ဂိုးသမားသစ်တစ်ဦး၊ တောင်ပံကစားသမားတစ်ဦးနှင့် တိုက်စစ်မှူးတစ်ဦးမှာ ၎င်းအလိုအရှိဆုံး ကစားသမားများဖြစ်ကြောင်းလည်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ယူရိုပါလိဂ်ဖလား ရယူနိုင်ခြင်းမရှိပါက ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်မည်ဖြစ်သည့်အတွက် ဝင်ငွေလျော့ကျဖွယ်ရှိနေရာ ကစားသမားသစ်များ ခေါ်ယူရန် အသင်းမှ ကစားသမားများကို ဦးစွာရောင်းထုတ်၍ အသုံးစရိတ်ရှာဖွေ ရမည့်အခြေအနေ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် ကစားသမားအများစုမှာ မန်ယူအသင်းတွင် အနာဂတ် မရေမရာဖြစ်နေကြောင်း သိရသည်။