Eleven Media Group

ပရီးမီးယားလိဂ်နွေရာသီစျေးကွက်ကို ရာသီသစ်မစမီ ပိတ်သိမ်းရန် မဲခွဲဆုံးဖြတ်ဖွယ်ရှိ

Photo: Chlesea

ပရီးမီးယားလိဂ်ကလပ်အသင်းများမှ တာဝန်ရှိသူများသည် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ရာသီသစ်မစမီ ပိတ်သိမ်းရန် ဆွေးနွေးညှိနှိုင်းနေပြီး မဲခွဲဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လလယ်ပိုင်းတွင် စတင်လေ့ရှိပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ သြဂုတ်လကုန်မှ ပိတ်သိမ်းခြင်းဖြစ်သည်။
ထို့ကြောင့် ကလပ်အသင်းများ၏ ပြင်ဆင်မှုကို ထိခိုက်စေသည့်အတွက် ရာသီသစ်မစမီ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် ၂၀၁၈ နှင့် ၂၀၁၉ ရာသီများ၌ နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ရာသီသစ်မစတင်မီ ပိတ်သိမ်းခဲ့ဖူးသော်လည်း အခြားလိဂ်များက ပိတ်သိမ်းခြင်းမရှိသည့်အတွက် အဆင်မပြေဖြစ်ခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် အခြားလိဂ်များနှင့်တန်းတူသာ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရာသီသစ်မစမီ စျေးကွက်ပိတ်သိမ်းမှု ပြန်လည်ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး လာမည့်ကြာသပတေးနေ့တွင်ပြုလုပ်မည့် ကလပ်အသင်းတာဝန်ရှိသူများ အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြ ဂုတ်(၁၆)တွင် စတင်ကျင်းပမည်ဖြစ်ပြီး ၂၀၂၅ နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ရာသီသစ်မစမီ (၂)ရက်အလိုဖြစ်သည့် သြဂုတ်(၁၄)တွင် ပိတ်သိမ်းရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် ယင်းကဲ့သို့ အပြောင်းအလဲပြုလုပ်မည်ဆိုပါက ကလပ်အသင်းများ၏ ဆန္ဒမဲကို ရယူဆုံးဖြတ်ရခြင်းဖြစ်ပြီး (၁၄)သင်း၏ထောက်ခံချက်ရရှိပါက အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group