Eleven Media Group

■ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် ပွဲစဉ်-၈ ပွဲကြိုသုံးသပ်ချက်

Photo: AFC

♦ ဂျပန် - ဆော်ဒီအာရေဗျ (မြန်မာစံတော်ချိန် မတ်လ ၂၅ ရက် ညနေ ၅:၀၅ နာရီ)

ဂျပန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာ သေချာသွားခဲ့ပြီ။ ဂျပန်ရဲ့လက်ကျန်သုံးပွဲမှာ ဆော်ဒီအာရေဗျ၊ သြစတြေးလျ၊ အင်ဒိုနီးရှားတို့နဲ့ ကစားဖို့ ကျန်နေသေးပြီး ဒီသုံးသင်းရဲ့ကံကြမ္မာက ဂျပန်လက်ထဲမှာ ရှိနေတယ်လို့ ပြောရမယ်။ ဂျပန်အတွက် အမှတ်မလိုအပ်တော့ပေမဲ့ အိမ်ကွင်းပရိသတ်ရှေ့ဖြစ်လို့ မျက်နှာပျက်အောင် ကစားမှာတော့ မဟုတ်ပါဘူး။ ဆော်ဒီအာရေဗျအသင်းကတော့ နည်းပြသစ် အယ်ဗေးရေနာလက်ထက် ခြေစစ်ပွဲတွေမှာ ပထမဆုံးနိုင်ပွဲ စရခဲ့တယ်။ ဒါပေမဲ့ တရုတ်လိုအသင်းကိုတောင် ကစားသမားတစ်ယောက် အသာရပြီးမှ အနိုင်ဂိုးသွင်းခဲ့တာဖြစ်လို့ အထင်ကြီးစရာတော့ မရှိပါဘူး။ သေရေးရှင်ရေးဖြစ်နေတဲ့ အခြေအနေကတော့ ဆော်ဒီကို တွန်းအားဖြစ်စေလိမ့်မယ်။ ဆော်ဒီကိုပဲ အရဲစွန့် ရွေးချယ်ချင်တယ်။

♦ တောင်ကိုရီးယား - ဂျော်ဒန် (မြန်မာစံတော်ချိန် မတ်လ ၂၅ ရက် ညနေ ၅:၃၀ နာရီ)

တောင်ကိုရီးယားအသင်း ဒီပွဲသရေထပ်ကျရင် ထိပ်ဆုံးနှစ်နေရာအတွက် ဖိအားများသွားလိမ့်မယ်။ ပထမအကျော့ အဝေးကွင်းပွဲမှာလည်း တောင်ကိုရီးယား အနိုင်ကစားထားခဲ့တယ်။ အိမ်ရှင်ပဲ ကြိုက်တယ်။

♦ တရုတ် - သြစတြေးလျ (မြန်မာစံတော်ချိန် မတ်လ ၂၅ ရက် ညနေ ၅:၃၀ နာရီ)

သြစတြေးလျအသင်း အင်ဒိုနီးရှားကို ဂိုးပြတ်အနိုင်ရလိုက်တာက အလှည့်အပြောင်းတစ်ခု ဖြစ်လာဖို့များနေတယ်။ တရုတ်ခြေစွမ်းကလည်း သိပ်မဆိုးပါဘူး။ အိမ်ရှင်ဘက်ကပဲ အရဲစွန့်ရွေးချယ်ချင်တယ်။

♦ အင်ဒိုနီးရှား - ဘာရိန်း (မြန်မာစံတော်ချိန် မတ်လ ၂၅ ရက် ည ၈:၁၅ နာရီ)

အင်ဒိုနီးရှားအသင်း ဥရောပဖွားကစားသမားတွေ ထပ်ဖြည့်ခဲ့ပေမဲ့ သြစတြေးလျကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတယ်။ နှစ်သင်းစလုံးအဖို့ အမှားမခံတဲ့အခြေအနေဖြစ်နေပြီး အင်ဒိုနီးရှားကို ရွေးချယ်ချင်တယ်။

♦ အီရန် - ဥဇဘက်ကစ္စတန် (မြန်မာစံတော်ချိန် မတ်လ ၂၅ ရက် ည ၁၀:၃၀ နာရီ)

အီရန်အသင်းက ခြေစစ်ပွဲတိုက်ရိုက်အောင်ဖို့ တစ်မှတ်ပဲ လိုတော့တယ်။ ဥဇဘက်ကစ္စတန်လည်း အမှတ်လိုအပ်နေလို့ လက်တွဲခေါ်ဖို့များပါတယ်။ ဥဇဘက်ကစ္စတန် အမှတ်တော့ ရလိမ့်မယ်။

♦ မြောက်ကိုရီးယား - ယူအေအီး (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် နံနက် ၀၀:၄၅ နာရီ)

ကြားကွင်းဖြစ်တဲ့ ဆော်ဒီအာရေဗျမှာ ကစားမှာဖြစ်ပါတယ်။ ဒုတိယနေရာ လက်ကျန်မျှော်လင့်ချက်အတွက် ယူအေအီး အနိုင်ကစားမယ်။

♦ အခြားပွဲစဉ်များ

ကာဂျစ္စတန် - ကာတာ*

*ကူဝိတ် - အိုမန်

ပါလက်စတိုင်း - အီရတ်*

မူရင်းသတင်း — Eleven Media Group