
အမေရိကန်ဂေါ့ဖ်အကျော်အမော်ဖြစ်သူ တိုက်ဂါးဝုဒ်က သမ္မတ ဒေါ်နယ်ထရမ့်၏ ချွေးမဟောင်းဖြစ်သူ ဗန်နက်ဆာနှင့် ချစ်ကြိုက်နေကြောင်း သူ၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးကြေညာခဲ့သည်။
တိုက်ဂါးဝုဒ်(၄၉ နှစ်)သည် သူ၏လူမှုကွန်ရက်တွင် ဗန်နက်ဆာနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံနှစ်ပုံကို "အချစ်က နေရာတိုင်းမှာ ရှိနေပါပြီ။ ငါ့ဘေးမှာ မင်းနဲ့အတူ ရှိနေတဲ့ ဘဝက ပိုကောင်းပါတယ်။ ဘဝခရီးကို အတူတူလျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ရေးသားကာ တင်ရှိခဲ့သည်။
ဗန်နက်ဆာ (၄၇ နှစ်)သည် ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် ၁၃ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့ပြီး ၎င်းတို့ နှစ်ဦးတွင် ကလေးငါးဦးရှိခဲ့ကာ ၂၀၁၈ ခုနှစ် က ကွာရှင်းပြတ်စဲခဲ့သည်။
မည်သည့်အတွက်ကြောင့် အများပြည်သူရှေ့သို့ တရားဝင်ကြေညာရခြင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
သို့သော် ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေကြသည့် သတင်းများမှာ ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်ကပင် အတင်းအဖျင်းမဂ္ဂဇင်းများတွင် ပါရှိခဲ့သည်။
တိုက်ဂါးဝုဒ်သည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုများ ရှိသူဖြစ်ပြီး ပြီးခဲ့သည့်လကအပါအဝင် ကြိမ်ဖန်များစွာ ဂေါ့ဖ်အတူတူ ကစားခဲ့ကြသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း တိုက်ဂါးဝုဒ်သည် ပရော်ဖက်ရှင်နယ်ဂေါ့ဖ်သမားများအဖွဲ့အစည်း (PGA)ကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့ရာတွင် လိုက်ပါလာခဲ့ပြီး သမ္မတဖြစ်သူ ထရမ့်နှင့်လည်း တွေ့ဆုံခဲ့သည်။
၎င်းသည် ထရမ့်သမ္မတ ပထမသက်တမ်း တာဝန်ထမ်းဆောင်ချိန်ကလည်း ၂၀၁၉ ခုနှစ်က သမ္မတ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ကိုလည်း အပ်နှင်းခြင်း ခံခဲ့ရသည်။ တိုက်ဂါးဝုဒ်သည် ၂၀၀၀ ပြည့်နှစ်ကျော်ကာလက နာမည်ကျော် လိင်အရှုပ်တော်ပုံ ဇာတ်လမ်းများလည်း ရှိခဲ့ကြောင်း သိရသည်။