
ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် UEFA Nations League ပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ပွဲအစပိုင်း၌ ရရှိသည့် ပယ်နယ်တီကို လွဲချော်ခဲ့သည့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ဘောလုံးသမိုင်းတစ်လျှောက် ပယ်နယ်တီလွဲချော်မှုအများဆုံး ကစားသမားအဖြစ် မဟာပြိုင်ဘက် မက်ဆီကို ကျော်ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ဒိန်းမတ်နှင့်ပွဲ၌ ပွဲအစခြောက်မိနစ်တွင် သူ့ ကြောင့်ရသည့် ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းခဲ့သော်လည်း ကန်ချက်ပျော့သွားသဖြင့် ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်က အလွယ်တကူ ကာကွယ်သွားနိုင်ခဲ့သည်။
၎င်းသည် ကစားသမားဘဝတွင် ပယ်နယ်တီလွဲချော်မှု ၃၂ ကြိမ် ရှိလာပြီး ယခင်က ပူးတွဲအများဆုံးဖြစ်ခဲ့သည့် အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ(၃၁ ကြိမ်)ကို ကျော်ဖြတ်ကာ အများဆုံးဖြစ်လာခဲ့သည်။
၎င်းသည် ဘောလုံးသမိုင်းတွင် ပယ်နယ်တီကန်သွင်းမှုအများဆုံးအဖြစ် ၂၀၅ ကြိမ်ဖြင့် မှတ်တမ်းဝင်ထားပြီး ယင်းထဲမှ ၁၇၃ ကြိမ် ဂိုးဝင်ခဲ့ကာ လွဲချော်မှု ၁၅ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။ မက်ဆီမှာမူ ပယ်နယ်တီအကြိမ် ၁၄၀ တွင် ၁၀၉ ဂိုး ဂိုးဝင်ခဲ့ပြီး လွဲချော်မှုရာခိုင်နှုန်းမှာ ၂၂ ဒသမ ၁ ရာခိုင်နှုန်းရှိကာ စီရော်နယ်လ်ဒိုထက်ပင် ပိုများလျက်ရှိသည်။
စီရော်နယ်လ်ဒိုသည် ကလပ်အသင်းများ၌ ပယ်နယ်တီ ၁၇၅ ကြိမ်တွင် ၁၅၂ ဂိုးနှင့် ဂိုးအဖြစ် ပြောင်းလဲနိုင်မှု ၈၆ ဒသမ ၉ ရာခိုင်နှုန်း၊ ပေါ်တူဂီလက်ရွေးစင်အသင်း၌ ပယ်နယ်တီ အကြိမ် ၃၀ တွင် ၂၁ ဂိုးနှင့် ဂိုးအဖြစ်ပြောင်းလဲနိုင်မှု ၇၀ ရာခိုင်နှုန်း ရှိခဲ့သည်။
ရော်နယ်လ်ဒိုနှင့် မက်ဆီနောက်တွင် ပယ်နယ်တီ လွဲချော်မှုအများဆုံးကစားသမားများအဖြစ် နာမည်ကျော်ဘောလုံးသမားဟောင်းများ ဖြစ်ကြသည့် တော့တီက ၂၀ ကြိမ်၊ အီဘရာဟီမိုဗစ်က ၁၆ ကြိမ်နှင့် ဒီနာတာလီက ၁၅ ကြိမ်ဖြင့် အသီးသီးရပ်တည်လျက်ရှိနေကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ကစားသမားဘဝ၌ စတုတ္ထမြောက် ဂင်းနစ်ဂုဏ်ပြုမှတ်တမ်းကို ဒိန်းမတ်နှင့်ပွဲမတိုင်မီ လက်ခံရယူခဲ့ကြောင်း သိရသည်။ စီရော်နယ်လ်ဒို(၄၀ နှစ်)သည် နိုင်ငံတကာဘောလုံးသမိုင်းတွင် နိုင်ပွဲအများဆုံးကစားသမားအဖြစ် ၁၃၂ ပွဲနှင့် ယင်းမှတ်တမ်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာက ကလပ် အသင်းဖော်ဟောင်း ဆာဂျီယိုရာမို့စ်ကို ကျော်ဖြတ်ပြီး နိုင်ငံလက်ရွေးစင် အသင်းသမိုင်းတွင် နိုင်ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ စီရော်နယ်လ်ဒို၏ အခြားဂင်းနစ်မှတ်တမ်းသုံးခုမှာ နိုင်ငံတကာ ဘောလုံးသမိုင်းတွင် ဂိုးအများဆုံး၊ ချန်ပီယံလိဂ်တွင် သွင်းဂိုး ၁၀၀ ပြည့်သည့် ပထမဆုံးကစားသမား၊ Instagram တွင် Follower အများ ဆုံးစသည့် မှတ်တမ်းများနှင့် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။