
အင်္ဂလန်အသင်းသည် နည်းပြသစ်ဖြစ်သူ ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူဟယ်လ်လက်အောက်တွင် တိုးတက်မှုများ ရှိနေပြီဖြစ်ကြောင်း အသင်းခေါင်းဆောင် ဟာရီကိန်းက လတ်ဗီးယားအသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် မှတ်ချက်ပြုခဲ့သည်။
ဟာရီကိန်းသည် တူဟယ်လ်လက်ထက် ကစားသည့် နှစ်ပွဲစလုံးတွင် ဂိုးသွင်းထားနိုင်ပြီး သူ၏ နိုင်ငံတကာသွင်းဂိုး ၇၀ နှင့် ၇၁ ဂိုး မြောက်များ ဖြစ်ခဲ့သည်။
သို့သော် အယ်လ်ဘေးနီးယားအသင်းအား ၂-၀ ဂိုးဖြင့် အနိုင် ရသည့်ပွဲအပါအဝင် နှစ်ပွဲစလုံးတွင် အင်္ဂလန်အသင်း၏ ထိုးဖောက်ဖိအားပေးနိုင်မှု အားနည်းသောကြောင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။
"ကျွန်တော်တို့ သောကြာနေ့(ပထမပွဲ)ထက် ပိုကောင်းခဲ့ပါတယ်။ ကစားပုံနဲ့ အခွင့်အရေးဖော်ဆောင်မှုတွေမှာ ပိုမိုတိုးတက်လာခဲ့ပါတယ်။ နောက်တန်းမှာ ၁၁ ယောက် စုပြုံပိတ်ဆို့ခံကစားနေတဲ့ ပြိုင်ဘက်တွေနဲ့ ကစားရတာ ခက်ခဲပါတယ်။ သူတို့က ကျွန်တော်တို့ကို ပိုခက်ခဲအောင် ကြိုးစားတယ်။ ကျွန်တော် တို့က Wide Player တွေကို အသုံးချခဲ့ပါတယ်။ အရန်ခုံက ကစားသမားတွေ ဝင်လာချိန်မှာ ကောင်းမွန်တဲ့သက်ရောက်မှုရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ အနိုင်နှစ်ပွဲနဲ့အတူ နှစ်ပွဲ Clean Sheet ရရှိတာ ကျေနပ်ပါတယ်"ဟု ဟာရီကိန်းက ပြောကြားခဲ့သည်။
ထို့ပြင် ဟာရီကိန်းက ၎င်းအား ဂိုးဖန်တီးပေးခဲ့သည့် အသင်းဖော် ဒက်ကလန် ရိုက်အားလည်း ချီးကျူးခဲ့သည်။ အင်္ဂလန် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးလည်းဖြစ်သူ ဟာရီကိန်းသည် နောက်ဆုံးကစားသည့် နိုင်ငံတကာပွဲ ၁၇ ပွဲတွင် ၁၇ ဂိုး သွင်းထားခဲ့သည်။