Eleven Media Group

အမှောင်မိုက်ဆုံး မိုးကောင်းကင်ကို ကျော်လွန်စပြုပြီလား

Photo: X

မန်ချက်စတာယူနိုက်တက်အကြောင်း သတင်းတွေတင်ဆက်၊ အလုပ်လုပ်နေရတဲ့ မီဒီယာသမားတစ်ယောက်ဟာ မီဒီယာသမားနဲ့ မတူတော့ဘဲ မှုခင်းဆေးပညာအဖွဲ့ဝင်တစ်ယောက်လို ဖြစ်နေတယ်။ အပတ်စဉ်တိုင်း မှာ Postmortem လို့ခေါ်တဲ့ ဘာကြောင့်ဆုံးပါးရသလဲဆိုတဲ့ အချက်တွေကို ရှာဖွေတင်ပြရသလို ဖြစ်နေလို့ပါပဲ။ မရိုးနိုင်လောက်တဲ့ စံချိန်ဆိုးများစွာကို တင်ရှိရင်း ယူနိုက်တက်ဟာ အဆိုးသံသရာထဲ ရောက်နေတယ်။ မကြာသေးခင်ကအထိ ဒီအသင်းဟာ အဆင့် ၁၅ အထိ ရောက်ရှိခဲ့တယ်။ ဒါဟာ ရာသီအစ၊ ရာသီအလယ်လောက်မှာ ရောက်ရှိတဲ့အဆင့်တောင် မဟုတ်ဘဲ ပွဲစဉ်-၂၅ လောက်အပြီးမှာ ရောက်ခဲ့တဲ့ အဆင့်ဖြစ်နေတာလည်း တော်တော်လေး ဆိုးရွားပါတယ်။

မန်ချက်စတာယူနိုက်တက်အကြောင်း သတင်းတွေတင်ဆက်၊ အလုပ်လုပ်နေရတဲ့ မီဒီယာသမားတစ်ယောက်ဟာ မီဒီယာသမားနဲ့ မတူတော့ဘဲ မှုခင်းဆေးပညာအဖွဲ့ဝင်တစ်ယောက်လို ဖြစ်နေတယ်။ အပတ်စဉ်တိုင်း မှာ Postmortem လို့ခေါ်တဲ့ ဘာကြောင့်ဆုံးပါးရသလဲဆိုတဲ့ အချက်တွေကို ရှာဖွေတင်ပြရသလို ဖြစ်နေလို့ပါပဲ။ မရိုးနိုင်လောက်တဲ့ စံချိန်ဆိုးများစွာကို တင်ရှိရင်း ယူနိုက်တက်ဟာ အဆိုးသံသရာထဲ ရောက်နေတယ်။ မကြာသေးခင်ကအထိ ဒီအသင်းဟာ အဆင့် ၁၅ အထိ ရောက်ရှိခဲ့တယ်။ ဒါဟာ ရာသီအစ၊ ရာသီအလယ်လောက်မှာ ရောက်ရှိတဲ့အဆင့်တောင် မဟုတ်ဘဲ ပွဲစဉ်-၂၅ လောက်အပြီးမှာ ရောက်ခဲ့တဲ့ အဆင့်ဖြစ်နေတာလည်း တော်တော်လေး ဆိုးရွားပါတယ်။

အာမိုရင်မ်လက်ထက် ပရီးမီးယားလိဂ်(၁၄)ပွဲမှာ (၄)ပွဲပဲ အနိုင်ရထားတယ်။ ဒီရာသီ သီးသန့်ကိုပဲ ကြည့်မယ်ဆိုရင် တန်ဟက်ဂ်လက်ထက်တုန်းက ယူနိုက်တက်ဟာ တစ်ပွဲပျမ်းမျှ (၁.၂၂)မှတ် ရယူနိုင်ခဲ့ပြီး အာမိုရင်မ်လက်ထက်မှာတော့ တစ်ပွဲပျမ်းမျှ (၁.ဝ)မှတ်သာ ရယူနိုင်ပါတယ်။ ဘောလုံးပရိသတ်အားလုံး အာမိုရင်မ် ကိုင်ထားရတဲ့ အလုပ်ရဲ့ အခက်အခဲကို နားလည်ကြတယ်။ ဒါပေမဲ့ (၄) လဆိုတဲ့ အချိန်ကလည်း အတိုင်းအတာတစ်ခုအထိ ရှိနေတာ အမှန်ပဲ။ ခြေလှမ်းများများ ရှေ့မရောက်သေးခြင်းအပေါ် နားလည်ပေးလို့ရပေမဲ့ အာမိုရင်မ်ရဲ့အသင်းဟာ တကယ်ရော ရှေ့ကို လှမ်းတက်တဲ့ခြေလှမ်းတွေ လှမ်းနိုင်ခဲ့ပြီလား။ အန်ဖီးလ်ကွင်းက ပွဲ၊ အာဆင်နယ်ကို ဖြုတ်ချတဲ့ ပွဲ၊ မန်စီးတီးကို သရေကစားတဲ့ ပွဲတွေကလွဲရင် ဘယ်ပွဲတွေများ လောက်လောက်လားလား ပြစရာရှိပါသလဲဆိုတဲ့ မေးခွန်းတွေ မေးခဲ့ကြတယ်။

ယူနိုက်တက်ရဲ့ လက်ရှိအနေအထားက အာမိုရင်မ် ညွှန်းဆိုခဲ့ဖူးတဲ့ ယူနိုက်တက် သမိုင်းတစ်လျှောက် အဆိုးဆုံးအသင်းပုံစံမျိုးအထိ ဖြစ်နေတာပါ။ အဆင့်(၁၅)အထိ ရောက်ခဲ့တာဟာ ၁၉၈၉-၉၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇယားအောက်ပိုင်း (၁၀)သင်းစာရင်းထဲမှာ အဆုံးသတ်နိုင်တယ်ဆိုတဲ့ အန္တရာယ်အရိပ်အငွေ့ပါ။ အဲဒီတုန်းကတော့ FA ဖလားအောင်ပွဲက ဖာဂူဆန်ရဲ့ နည်းပြဘဝကို ထောက်ပံ့ပေးခဲ့ဖူး သေးတယ်။ အခုအချိန်ကကျတော့ အသင်းပျက်ကြီးလို ဖြစ်နေချိန်လည်းဖြစ်တယ်။

အာမိုရင်မ်က သူ့လက်စွဲ ၃-၄-၂-၁ ကစားကွက်ကို သွတ်သွင်းနေပေမဲ့ နီးနီးစပ်စပ်ပုံစံတူ လေးတောင် မကစားနိုင်ကြသေးဘူး။ နည်းဗျူဟာ ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဗရပွ မြင်နေရသလို၊ လုပ်အားနှုန်းပိုင်း စိတ်ဓာတ်ပိုင်းမှာလည်း လျော့ရဲမှုတွေက များတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့တယ်။ ဇန်နဝါရီအပြောင်းအရွှေ့ ရှိခဲ့ပေမဲ့ အသင်းမှာ ဘဏ္ဍာရေးပြဿနာရှိနေတာကြောင့် ဒေါ်ဂူတစ်ယောက်သာ ခေါ်နိုင်တယ်။ အန်တိုနီနဲ့ ရပ်ရှ်ဖို့ဒ် ထွက်ခွာသွားတဲ့ ကွက်လပ်ကို မဖြည့်ဆည်းနိုင်ဘူး။ အခုတော့ အာမိုရင်မ် လက်ထက်မှာ ခြေစွမ်းအပြနိုင်ဆုံးဖြစ်တဲ့ အာမတ်ဒီယာလိုပါ ဒဏ်ရာရသွားပြီ။ အရန်ခုံတန်းမှာ ဆယ်ကျော်သက်တွေနဲ့ ပြည့်နေတဲ့အထိ ဖြစ်လာခဲ့တယ်။ ဒါဟာ မြွေပူရာ ကင်းမှောင့်ခြင်းပါပဲ။ နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း အခြေအနေမျိုးပါပဲ။

မကြာသေးခင်ကပဲ ရက်ကလစ်ဖ်တို့ ယူနိုက်တက်ရဲ့ လေးပုံတစ်ပုံ ရှယ်ယာနဲ့ ဘောလုံး စီမံခန့်ခွဲခွင့် ရယူတာ တစ်နှစ်ပြည့်ကာလကို ဖြတ်သန်းခဲ့ပါတယ်။ ဒီတစ်နှစ်အတွင်း ဘာတွေ ပြောင်းလဲခဲ့ပြီလဲဆိုပြီး ကြည့်တဲ့အခါ အားရစရာတွေထက် စိုးရိမ်စရာတွေ မြင်ရတယ်။ အိုင်ဒီယာပိုင်း ကောင်းမွန်တာတွေက အများကြီးပါ။ ဒါပေမဲ့ လက်တွေ့နဲ့ ကိုက်ညီပြီး အလုပ်ဖြစ်နိုင်ခြေမြင့်တဲ့ အိုင်ဒီယာတွေဖြစ်ဖို့လည်း လိုအပ်တယ်။ နောက်ပြီး ကလပ်ရဲ့ ယဉ်ကျေးမှုတန်ဖိုး၊ အစဉ်အလာတွေနဲ့ ကိုက်ညီဖို့လည်း လိုအပ်တယ်။ ဒါပေမဲ့ INEOS ဟာ စာရွက်ပေါ်မှာ ကြည့်ကောင်းတဲ့ အိုင်ဒီယာတွေလောက်ပဲ ဖြစ်ခဲ့ပြီး လက်တွေ့မှာ အလွဲများစွာ ဖြစ်စေခဲ့ပါတယ်။

ဝန်ထမ်းများစွာ လျှော့ချပစ်တယ်။ ဒါဟာ ရက်စက်ပေမဲ့ လုပ်ငန်းဆိုင်ရာအမြင်အရတော့ လုပ်သင့်တဲ့အရာပါ။ ယူနိုက်တက်ဟာ အခြားအသင်းကြီးတွေထက် သိသိသာသာ ဝန်ထမ်းအင်အား ဖောင်းပွနေတယ်။ ဒီအထိ နားလည်လို့ရတယ်။ ဒါပေမဲ့ ပင်စင်စားတွေ၊ ကလေးတွေအတွက် သတ်မှတ်ထားတဲ့ အလျှော့ပေးမှုတွေကို ဖယ်တာမျိုးကျတော့ လက်လွန်သွားပြီ။ ဖာဂူဆန်ကိစ္စ၊ အသင်းကစားသမားဟောင်းတွေအတွက် ထောက်ပံ့ကြေး အစရှိတဲ့ ကိစ္စတွေကလည်း အသင်းရဲ့ယဉ်ကျေးမှုကို ထိခိုက်စေတာမျိုး ဖြစ်လာပါပြီ။ ဒါဟာ သူ့ချည်းသက်သက်ဆို ပြဿနာမရှိဘူး။ မှန်တယ်လို့ ပြောနိုင်သေးတယ်။ ဒါပေမဲ့ INEOS က လက်ညှိုးလောက်ရှိတဲ့ ရေယိုပေါက်ကို အင်္ဂတေအထပ်ထပ်ပိတ်ဖို့ ကြိုးစားနေပြီး ကိုယ်တိုင်ကတော့ လက်သီးဆုပ်လောက် ရေယိုပေါက်တွေ ပေါ်လာအောင်လုပ်သလို ဖြစ်နေတယ်။

တန်ဟက်ဂ်ကိစ္စနဲ့ အက်ရှ်ဝါ့သ်ကိစ္စကတော့ အကြီးမားဆုံးပါပဲ။ ဒန်အက်ရှ်ဝါ့သ်ကို နယူးကာဆယ်ဆီကနေ ခေါ်နိုင်ဖို့ အသည်းအသန် ကြိုးစားလုံးပန်းခဲ့တယ်။ လျော်ကြေးတွေပေးပြီး ခေါ်ခဲ့တယ်။ နောက်တော့ သဘောထားမတိုက်ဆိုင်လို့ (၆)လ မပြည့်ခင် ထုတ်ပယ်ခဲ့ရတယ်။ ကုန်လိုက်တဲ့ငွေကြေးတွေ သောက်သောက်လဲ။ ဒီထက်ပိုဆိုးတာက တန်ဟက်ဂ်ကိစ္စပါ။ တန်ဟက်ဂ်က ထုတ်ခံရမလိုလို အခြေအနေကနေ အသင်းမှာ ဆက်ရှိတယ်။ စာချုပ်သစ်နဲ့အတူ ပိုက်ဆံထပ်ကုန်တယ်။ ဆိုးရွားတယ်ဆိုဦး၊ ဒီအထိ လက်ခံလို့ ရသေးတယ်။ ဒီထက် ပိုဆိုးတဲ့ကိစ္စက အခုမှ လာတယ်။ တန်ဟက်ဂ်နဲ့ ဆက်သွားမယ့်လမ်းစဉ်အတွက် ပိုက်ဆံတွေသုံး၊ လူတွေ ထပ်ခေါ်ခဲ့တယ်။ ဒါဟာ လျှောက်မယ့်လမ်းရော၊ သွားမယ့်ယာဉ်ရော ရွေးပြီးသွားတဲ့ သဘောပဲ။ ဒါပေမဲ့ လမ်းခုလတ်ရောက်မှ တန်ဟက်ဂ်ကို ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခဲ့ပြန်တယ်။

ဒီနေရာမှာ မေးစရာ ရှိလာခဲ့ပြီ။ ထုတ်မယ်ဆို ဘာကြောင့် စာချုပ်သစ်ပေးပြီး ခန့်နေသေးလဲ။ လူတွေ ခေါ်ပေးနေသေးလဲ။ ဒါဟာ အလွန်အမင်းလွဲမှားတဲ့ မဟာဗျူဟာချမှတ်ပုံတွေ ဖြစ်လာတယ်။ နည်းပြကထုတ်ပစ်လိုက်ဖို့ မခက်ပေမဲ့ PSR Rule အကန့်အသတ်အောက်မှာ လှုပ်ရှားရတဲ့ လူအင်အားဖြည့်တင်းမှု၊ လူအင်အားစီမံခန့်ခွဲမှုအပိုင်းမှာတောင် မြောင်းထဲထိုးဆင်းတဲ့အထိ ဒုက္ခရောက်သွားခဲ့ပြီ။ ပိုဆိုးတာက ထပ်ခန့်တဲ့ နည်းပြသစ်က သီးခြားမော်ဒယ်တစ်ခုကို ကျင့်သုံးတဲ့နည်းပြဖြစ်နေခြင်းပဲ။ ဒါဟာ အာမိုရင်မ်တော်၊ မတော်ဆိုတဲ့ အပိုင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး။ အာမိုရင်မ်ဘယ်လိုထူးချွန်သလဲဆိုတာ သူ့ရဲ့ စပို့တင်းလစ္စဘွန်းက သက်သေပြပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်မှာတော့ ပေးထားချက်က ကွဲပြားခြား နားလွန်းနေတယ်။

ဒါကြောင့် ဒီအခြေအနေအထိ ဆိုက်ရောက်လာရခြင်း ဖြစ်တယ်။ အရင်တုန်းကမှ နည်းပြလဲ လိုက်ရင် ကောင်းနိုင်သေးတယ်လို့ တွေးခွင့်ရှိခဲ့သေးပြီး အခုကတော့ အဲဒီတွေးခွင့်ကလေးပါ ပျောက်ဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီအသင်း ပြန်လာနိုင်သေးသလားဆိုရင် ပြန်လာနိုင်ပါသေးတယ်။ ဒါပေမဲ့ အင်မတန် စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာတော့ အာမိုရင်မ် ရောက်ခါစတုန်းက ဥရောပရဲ့ အထွန်းတောက်ဆုံးလူငယ်နည်းပြ တစ်ဦးအနေနဲ့ အကောင်းမြင်ခဲ့ကြသူတွေရော၊ Team Identity က အဓိက ရေတိုရလဒ်တွေနဲ့ မစတေးသင့်ဘူးဆိုတဲ့ လူတွေရော အာမိုရင်မ်ဟာ သုံးယောက်တန်းခံစစ် ပုံစံကလွဲရင် တခြားမလုပ်တတ်တော့ဘူးလားလို့ မေးငေါ့ကုန်ကြပါပြီ။ တကယ်တော့ သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူးဆိုပြီး မြင်လာသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ အချိန်တိုအတွင်းမှာ မန်ယူနိုက်တက်အသင်းအပေါ် အမြင်တွေက ပြန်လည်ပြောင်းလဲသွားခဲ့ပြန်တယ်။ ဒီပြောင်းလဲ မှုတွေရဲ့အစက ဆိုစီဒက်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကိုပဲ ပြောရမယ်။ ဒီပွဲမတိုင်ခင်မှာ မန်ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးပြီး FA ဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရသေးတယ်။ အဲဒီနောက်မှာတော့ ဆိုဒီဒက်အသင်းကွင်းမှာ မန်ယူနိုက်တက် အသင်းဟာ ပုံစံကောင်းပြပြီး၊ ဦးဆောင်ဂိုး သွင်းပြီးမှ သရေရလဒ် ထွက်ပေါ်ခဲ့တယ်။ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြတယ်။ အဲဒီနောက် အာဆင်နယ်အသင်းနဲ့ အိမ်ကွင်းမှာ သရေပွဲကစားတယ်။ ဒီပွဲကလည်း ခြေစွမ်းအရရော၊ ရလဒ်ပိုင်းအရပါ ကျေနပ်စရာ ဖြစ်လာခဲ့သလို၊ နောက်ဆုံးနှစ်ပွဲမှာတော့ ဆိုစီဒက်ကို အိမ်ကွင်းမှာ ၄-၁ နဲ့ နိုင်၊ အဝေးကွင်းမှာ လက်စတာကို ၃-၀ နဲ့ ထပ်နိုင်ခဲ့တယ်။ ဒီအချိန်မှာတော့ ပရိသတ်တွေရဲ့အမြင်တွေက ပြန်လည် ပြောင်းလဲသွားခဲ့တယ်။ အာမိုရင်မ်ဟာ လက်ရှိ ယူနိုက်တက်အသင်းကို ပြဿနာတွေကြားကနေ အောင်မြင်မှု လမ်းကြောင်းပေါ် ဆွဲတင်နိုင်မယ့်သူလားလို့ မြင်လာသလို၊ အာမိုရင်မ်ရဲ့နည်းဗျူဟာတွေ စတင်အသက်ဝင်လာပြီလားလို့ ယူဆလာကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီမှာ မန်ယူနိုက်တက်အသင်းရဲ့ ဥရောပဝင်ခွင့်အိပ်မက်က ယူရိုပါလိဂ်အောင်မြင် မှုကနေ တစ်ဆင့်သွားဖို့ကလွဲပြီး ဝေးကွာနေပါသေးတယ်။ သို့သော် အံဝင်ခွင်ကျဖြစ်မှုတချို့၊ ရလဒ်ကောင်းတချို့နဲ့အတူ အမှောင်ဆုံးအချိန်တွေကို လွန်မြောက်လာပြီလားဆိုတာကတော့ . . . .

မူရင်းသတင်း — Eleven Media Group