
လီဗာပူးလ်အသင်းပရိသတ်များသည် လာမည့်နွေတွင် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့့ရန် နီးစပ်နေသည့် အသင်းနောက်ခံကစားသမား အာနိုးလ်အား ဒေါသထွက်နေကြပြီး ၎င်းအား ဒု-အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားပြီး ရာသီလက်ကျန်ပွဲစဉ်များတွင် အသုံးမပြုရန် လူမှုကွန်ရက်တွင် အသင်းကို တိုက်တွန်းခဲ့ကြကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်သည် လီဗာပူးလ်အသင်း၏အဓိကကစားသမားများဖြစ်သည့် ဆာလာ၊ ဗန်ဒိုက်တို့ကဲ့သို့ပင် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် အဆိုပါကစားသမား (၃) ဦးစလုံးအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးပေ။
ရီးယဲလ်မက်ဒရစ်အသင်းသည် အာနိုးလ်အား ခေါ်ယူရန် အသည်းအသန် ချိတ်ဆက်နေပြီး ပြီးခဲ့သည့်ဇန်နဝါရီကလည်း ပေါင်သန်း(၂၀) ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေတွင် အာနိုးလ်အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေပြီး စပိန်မီဒီယာအချို့က အာနိုးလ်အနေဖြင့် ရီးယဲလ် အသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုပင် ရရှိခဲ့ပြီဟု ဖော်ပြနေကြသည်။
ယင်းသတင်းကြောင့် လီဗာပူးလ်ပရိသတ်အများစုမှာ အသင်းငယ်မွေးခြံပေါက်ကစားသမား အာနိုးလ်အား ဒေါသပေါက်ကွဲခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် လီဗာပူးလ်ပရိသတ်များသည် အာနိုးလ်အား ယခုရာသီတွင် အသုံးမပြုတော့ရန် လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။
လီဗာပူးလ်ပရိသတ်များက ''အာနိုးလ်ကို ထပ်မသုံးနဲ့တော့။ သူ့ကို နှုတ်ဆက်ခွင့်မပေးနဲ့''၊ ''သူ့ကို ကစားခွင့် မပေးနဲ့တော့။ ဖလားရရင်လည်း အန်ဖီးလ်ကို သူ မလာစေနဲ့''၊ ''ဒု-အသင်း ခေါင်းဆောင်ရာထူးမှ ဖယ်လိုက်ပါ။ ပွဲကစားခွင့်မပေးပါနဲ့''စသည့် မှတ်ချက်များ ရေးသားခဲ့ကြသည်။
အာနိုးလ်သည် အသက် (၆)နှစ်တွင် လီဗာပူးလ်အကယ်ဒမီသို့ ရောက်လာပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၄၉) ပွဲကစားကာ ဆုဖလား (၇)လုံး ရရှိထားသည်။