
နယူးကာဆယ်အသင်းသည် အသင်း၏အဓိကတိုက်စစ်မှူး အီဆက်ခ်အား အသင်းတွင် အမြင့်ဆုံးလစာပေးပြီး နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်သည် ယခုရာသီတွင် နယူးကာဆယ်အသင်းအတွက် အထူးခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၂၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် အာဆင်နယ်၊ လီဗာပူးလ်တို့အပါအဝင် ဥရောပထိပ်တန်း အသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
သို့သော် နယူး ကာဆယ်အသင်းသည် ကြယ်ပွင့်ကစားသမားများဖြစ်သူ အီဆက်ခ်အား အသင်းတွင် ဆက်ထိန်းရန် အလိုရှိနေပြီး ယခုအခါ အသင်းတွင် အမြင့်ဆုံးလစာပေးချေကာ နှစ်ရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
နယူးကာဆယ်အသင်းနှင့် ချုပ်ဆိုထားသည့် အီဆက်ခ်၏ လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်အထိဖြစ်ပြီး တစ်ပတ်လစာ ပေါင် (၁၂၀၀၀၀) ရရှိနေကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် အီဆက်ခ်အား အသင်းတွင် အမြင့်ဆုံးလစာဖြစ်သည့် တစ်ပတ်လစာ ပေါင် (၂၀၀၀၀၀)ထိ တိုးပေးကာ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
လက်ရှိ နယူးကာဆယ်တွင် လစာအများဆုံး ရရှိနေသူမှာ ဂီမာရေ့စ်ဖြစ်ပြီး တစ်ပတ်လစာ ပေါင် (၁၆၀၀၀၀) ရရှိနေကြောင်း သိရှိရသည်။