Eleven Media Group

ယိုကယ်ရက်စ်နှင့် မာတေတာတို့ထက် အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဟာရီကိန်းကိုသာ မန်ယူအသင်း ခေါ်ယူရန် ကြိုးစားသင့်ကြောင်း ဆာဟာ ပြောကြား

Photo: X

မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက အသင်းဟောင်းအနေဖြင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နှင့် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မာတေတာတို့ထက် အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဟာရီကိန်းကိုသာ ခေါ်ယူရန် ကြိုးစားသင့်ကြောင်းပြောကြားခဲ့သည်။

မန်ယူအသင်းသည် ကမ္ဘာ့ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦးအား ခေါ်ယူရန် ကာလရှည်ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ ခေါ်ယူနိုင်ခြင်း မရှိသေးပေ။

မန်ယူအသင်းသည် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းအား ခေါ်ယူရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဟာရီကိန်းသည် ၂၀၂၃ နွေရာသီတွင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည်။

မန်ယူအသင်းသည် လာမည့်နွေရာသီတွင် ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ငွေကြေးများစွာ အသုံးပြုကာ ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် လက်ရှိတွင် အသင်းနည်းပြ အာမိုရင်မ်နှင့် လက်တွဲခဲ့ဖူးသည့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်(၂၆ နှစ်)နှင့် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မာတေတာ(၂၇ နှစ်)တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

သို့သော် ဆာဟာက မန်ယူအသင်းအနေဖြင့် ယိုကယ်ရက်စ်နှင့် မာတေတာတို့ထက် အသင်းနှင့်ပိုမိုကိုက်ညီမည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း(၃၁ နှစ်)ကိုသာ ခေါ်ယူသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၇ ခုနှစ်ထိ စာချုပ်သက်တမ်းရှိနေပြီး ပရီးမီးယားလိဂ်သို့ ပြန်လာလိုနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ဆာဟာက "ယိုကယ်ရက်စ်နဲ့ မာတေတာတို့ ကောင်းပါတယ်။ ဒါပေမဲ့ ဟာရီကိန်းအဆင့်တော့ မဟုတ်ပါဘူး။ မန်ယူအသင်းလိုနေတာ ဟာရီကိန်းလို တိုက်စစ်မှူးပါ။ ကျွန်တော် မန်ယူမှာ ကစားတုန်းက နစ္စတယ်ရွိုင်းနဲ့ တွဲကစားခဲ့တာပါ။ သူက တစ်ရာသီကို ဂိုး(၃၀)၊ ဂိုး (၄၀)လောက် သွင်းနိုင်သူဖြစ်ပြီး ကျွန်တော့်အနေနဲ့ သူ့ဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ လက်ရှိ မန်ယူမှာ ဟာရီကိန်းသာ ရှိနေမယ်ဆိုရင် ဇက်ဇီနဲ့ ဟွိုင်လန်းတို့ ခြေစွမ်းပြနိုင်မှာပါ။ သူ ရှိနေရင် မန်ယူ ပရီးမီးယားလိဂ်တောင် ရနေလောက်ပါပြီ"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group