
လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်အနေဖြင့် လာမည့်နွေတွင် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့မည်ဆိုပါက ၎င်းကြိုက်နှစ်သက်သည့် ကျောနံပါတ် (၆၆)ကို ဝတ်ဆင်ခွင့်ရမည်မဟုတ်ကြောင်း သိရှိရသည်။
အသက် (၂၆)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။
သို့သော် အာနိုးလ်အနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့မည်ဆိုပါက လာလီဂါစည်းမျဉ်းကြောင့် လီဗာပူးလ်အသင်းတွင် ဝတ်ဆင်နေသည့် ကျောနံပါတ် (၆၆) ကို ဝတ်ဆင်ခွင့်ရမည်မဟုတ်ကြောင်း သိရှိရသည်။
လာလီဂါက ပြိုင်ပွဲရာသီအတွက် ကစားသမားစာရင်းသွင်းရာတွင် ကျောနံပါတ် (၁)မှ ကျောနံပါတ် (၂၅) အထိ လက်ခံကြောင်း သိရှိရသည်။ ထို့ကြောင့် လာလီဂါပြိုင်ပွဲဝင် အသင်းကစားသမားများအနေဖြင့် ကျောနံပါတ် (၁) မှ ကျောနံပါတ် (၂၅)အတွင်းသာ ဝတ်ဆင်ရမည်ဖြစ်ပြီး လာလီဂါတွင် ယင်းစည်းမျဉ်းကြောင့် ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့သည် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ ဝတ်ဆင်ခဲ့သည့် နံပါတ်များကို အနားပေးလိုသော်လည်း ပေးခွင့်မရခဲ့ပေ။
သို့သော် စာရင်းမသွင်းသည့် လူငယ်ကစားသမားများမှာမူ ခြွင်းချက်အနေဖြင့် ကျောနံပါတ် (၂၅)အထက် ဝတ်ဆင်ခွင့်ရှိကြောင်း သိရသည်။