Eleven Media Group

တွမ်မီနေးအား ရောင်းထုတ်ခဲ့ခြင်းအတွက် မန်ယူအသင်း နောင်တရနေလောက်ပြီဟု ဆောင်းနက်စ် ဆို

Photo: X

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်ဂန္ထဝင်ဂရေမီဆောင်းနက်စ်က တွမ်မီနေးအား ရောင်းထုတ်ခဲ့ခြင်းအတွက် မန်ယူအသင်း နောင်တရလောက်ပြီဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အသင်းငယ်မွေးခြံပေါက်ကစားသမားဖြစ်သူ တွမ်မီနေး(၂၈ နှစ်)အား ပြီးခဲ့သည့်နွေတွင် နာပိုလီအသင်းထံသို့ ပေါင် (၂၅)သန်းဖြင့် ရောင်းထုတ်ခဲ့သည်။

တွမ်မီနေးသည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး စီးရီးအေ (၂၆)ပွဲတွင် (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ပေးထားကာ နာပိုလီအသင်းမှာ စီးရီးအေချန်ပီယံဆုအတွက် အင်တာမီလန်နှင့်အပြိုင်ဖြစ်နေသည်။

မန်ယူအသင်းမှာမူ ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၁၃)အထိ ရောက်ရှိနေပြီး ယူရိုပါလိဂ်ဖလားမရပါက လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ဖွယ်ရှိနေသည်။

ဆောင်းနက်စ်က ကက်စီမီရိုနှင့် အူဂါတေးတို့အတွက် ငွေကြေးများစွာသုံးစွဲခဲ့ပြီး တွမ်မီနေးကို ရောင်းထုတ်ခဲ့ခြင်းအတွက် မန်ယူအသင်းအနေဖြင့် နောင်တရနေလောက်ပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောင်းနက်စ်က "တွမ်မီနေးလို အရမ်းကြိုးစားပြီး အလုပ်လုပ်တဲ့သူကို ရောင်းထုတ်လိုက်တာ အရမ်းမှားပါတယ်။ သူ့လစာကလည်း ပြောပလောက်တာ မဟုတ်ပါဘူး။ ပြီးတော့ ကက်စီမီရိုနဲ့ အူဂါတေးကို နှစ်ဦးပေါင်း ပေါင်သန်း (၁၀၀) ပေးခဲ့တာ၊ ကက်စီမီရိုကို တစ်ပတ်လစာ ပေါင် (၃၇၀၀၀၀) ပေးတာတွေက မန်ယူအသင်းရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေပါပဲ"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group