
ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက မိမိအနေဖြင့် Ballon d'Or ဆုထက် ယခုရာသီတွင် အသင်းနှင့်အတူ Treble (ဆုဖလား ၃ လုံး)သာ ပိုမိုရယူလိုကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် လာလီဂါပြိုင်ပွဲတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်နှင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ထားသည်။
အသက် (၂၂) နှစ်အရွယ် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား ပတ်ဒရီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနေပြီး ဘာစီလိုနာအသင်း၏ ဖလား (၃)လုံးအိပ်မက်မှာ ၎င်း၏ခြေစွမ်းအပေါ်တွင် မူတည်နေကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
ဘာစီလိုနာအသင်း ဖော်များဖြစ်သည့် ဖယ်ရန်တောရက်စ်နှင့် ဂါဗီတို့ က အသင်းအတွက် ခြေစွမ်းပြနေသည့် ပတ်ဒရီသည် ၂၀၂၅ Ballon d'Or ဆုနှင့် အထိုက်တန်ဆုံးကစားသမားဖြစ်ကြောင်း ချီးကျူးထားကြသည်။ သို့သော် ပတ်ဒရီကမူ တစ်ဦးချင်းဆုတံဆိပ်ဖြစ် သည့် Ballon d'Or ဆုထက် ယခုရာသီတွင် အသင်းနှင့်အတူ ဆုဖလား (၃)လုံးကိုသာ ပိုမိုရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပတ်ဒရီက "ကျွန်တော်ကတော့ Ballon d'Or ဆုထက် Treble ပဲ ရချင်ပါတယ်။ တကယ်လို့ Ballon d'Or ဆုကို ရခဲ့မယ်ဆိုရင်လည်း အသင်းနဲ့အတူ ရရှိမယ့် ဖလားတွေနဲ့အတူတူပဲ ရချင်ပါတယ်။ Ballon d'Or ဆုစာရင်းမှာ ဆန်ကာတင်ဝင်ဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါ။ ဒါပေမဲ့ အသင်းနဲ့အတူ ဖလားတွေရဖို့က ကျွန်တော့်အတွက် ပိုအရေးကြီးပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဆုဖလားအားလုံးကို အိပ်မက်မက်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ (၃)ပွဲ ရှုံးလိုက်တာနဲ့ ပြိုင်ပွဲ (၃) ခုလုံးကနေ ကျွန်တော်တို့ ထွက်သွားရမှာပါ"ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဒေါ့မွန်အသင်းနှင့် တွေ့ဆုံနေပြီး ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်တို့ကို ကျော်ဖြတ်နိုင်ခဲ့ပါက ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်နှင့်တွေ့ဆုံဖွယ်ရှိနေသည်။
ပတ်ဒရီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်နှင့်တွေ့ဆုံလျှင်လည်း မကြောက်ကြောင်း ပြောကြားခဲ့သည်။ "ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်နဲ့ တွေ့ဆုံမယ်ဆိုရင် ကြိုဆိုသွားမှာပါ။ အဲဒီအဆင့်မှာ ဘယ်အသင်းကိုမှ ကြောက်နေစရာမလိုပါဘူး"ဟု ပြောကြားခဲ့သည်။