Eleven Media Group

ရပ်ရှ်ဖို့ဒ်၏နေရာတွင် အစားထိုးရန်အတွက် ထရင်ကာအိုအား ခေါ်ယူပေးရန် မန်ယူအသင်းကို အသင်းနည်းပြ အာမိုရင်မ် တောင်းဆိုထား

Photo: X

မန်ယူနည်းပြ အာမိုရင်မ်သည် ရပ်ရှ်ဖို့ဒ်၏နေရာတွင် အစားထိုးရန်အတွက် စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ထရင်ကာအိုအား ခေါ်ယူပေးရန် အသင်းကိုတောင်း ဆိုထားကြောင်း သိရသည်။

အာမိုရင်မ်သည် အက်စတွန်ဗီလာအသင်းထံ အငှားချထားသည့် ရပ်ရှ်ဖို့ဒ်နှင့် ချယ်လ်ဆီးအသင်းထံ အငှားချထားသည့် ဆန်ချိုတို့ကို အသင်းသို့ ပြန်လည်ခေါ်ယူလိုခြင်း မရှိဘဲ ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ပြင် ကစားသမားများ ကိုယ်တိုင်ကလည်း မန်ယူအသင်းထံသို့ ပြန်လာလိုခြင်းမရှိကြောင်း သတင်းထွက်ပေါ်နေသည်။ ယင်းအနေအထားတွင် အာမိုရင်မ်သည် အသင်း၏တောင်ပံတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ထရင်ကာအိုအား မျက်စီကျနေခြင်းဖြစ်သည်။

အသက် (၂၅) နှစ်အရွယ် ပေါ်တူဂီတောင်ပံကစားသမား ထရင်ကာအိုသည် စပို့တင်းလစ္စဘွန်းအသင်းတွင် အာမိုရင်မ်နှင့် (၂) ရာသီကျော် လက်တွဲဖူးသူဖြစ်သည်။

၎င်းသည် စပို့တင်းလစ္စဘွန်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၄၃) ပွဲတွင် (၉) ဂိုးသွင်းယူထားသည်။ ထရင်ကာအိုသည် ဘာစီလိုနာနှင့် ဝုလ်ဗ်အသင်းတို့တွင်ကစားဖူးပြီး ဘယ်ညာတောင်ပံနှစ်ဖက်လုံးတွင် ကစားနိုင်သူဖြစ်သည်။ ယခုအခါ အာမိုရင်မ်က ၎င်းကို ခေါ်ယူရန် မန်ယူအသင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group