Eleven Media Group

■ ကစားသမား(၁၁)ဦးအထိ ရောင်းထုတ်ရန် အန်ဒရေယာဘာတာ လုပ်ဆောင်ရမည်

အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာသစ် အန်ဒရေယာဘာတာသည် လာမည့်နွေရာသီတွင် ကစားသမား (၁၁)ဦးအထိ ရောင်းထုတ်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် နည်းပြ အာတီတာ နေရာပေးလိုခြင်းမရှိသည့် ကစားသမားများနှင့် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်ကစားသမားများကို ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။

လာမည့်နွေတွင် အာဆင်နယ်အသင်းနှင့် လမ်းခွဲရမည့် ကစားသမားအရေအတွက်မှာ (၁၁)ဦးအထိရှိကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ပါတေး၊ တီယာနေး၊ ဂျော်ဂျင်ဟိုတို့အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်မည်ဖြစ်သလို၊ ချယ်လ်ဆီးအသင်းမှ အငှားဖြင့် ခေါ်ယူထားသည့် စတာလင်ကိုလည်း အပြီးသတ်ခေါ်ယူမည်မဟုတ်ကြောင်း သိရသည်။

ထို့ပြင် အာဆင်နယ်အသင်းသည် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဇင်ချန်ကို၊ အငှားချထားသည့် တာဗာရက်ဇ်၊ လိုကွန်ဂါ၊ ရီးစ်နယ်လ်ဆင်၊ ဗီယာရာတို့အား ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။

ဘာတာသည် ထိပ်တန်းတိုက်စစ်မှူး တစ်ဦးအပါအဝင် အာဆင်နယ်အသင်း အလိုရှိနေသည့် ကစားသမားသစ်များကိုလည်း ခေါ်ယူပေးရမည်ဖြစ်သည့်အတွက် အလုပ်များသည့် နွေရာသီဖြစ်လာလိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

အာဆင်နယ်အသင်းသည် တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကို၊ ဂါလာတာစာရေးတွင် အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်နှင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group