
ဗလင်စီယာဂိုးသမား မာမာဒက်ရှီဗလီက ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နှင့် ပယ်နယ်တီ ဝင်၊ မဝင် ယူရို (၅၀) လောင်းကြေး ထပ်ခဲ့ပြီး ဗင်နီစီယပ်စ်အနေဖြင့် ပယ်နယ်တီမဝင်ခဲ့ခြင်းအတွက် ၎င်းကို ယူရို (၅၀) မပေးသေးကြောင်း ပြောကြားခဲ့သည်။
ဧပြီလ (၅) ရက် (စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၂) ဗလင်စီယာပွဲ၌ ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် တစ်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် (၁၃) မိနစ်တွင် ရရှိခဲ့သည့် ပယ်နယ်တီကို ကန်သွင်းရာတွင် ဗလင်စီယာဂိုးသမား မာမာဒက်ရှီဗလီက ကာကွယ်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်အပြီးတွင် ဗလင်စီယာဂိုးသမား မာမာဒက်ရှီဗလီက ၎င်းအနေဖြင့် ဗင်နီစီယပ်စ် ပယ်နယ်တီမကန်မီ ဝင်၊ မဝင် လောင်း ကြေးထပ်ရန် ကမ်းလှမ်းခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ မာမာဒက်ရှီဗလီက ဗင်နီစီယပ်စ်အား ပယ်နယ်တီဝင်လျှင် ယူရို (၅၀) ပေးမည်ဖြစ်ပြီး မဝင်ပါက ယူရို (၅၀) ပြန်ပေးရမည်ဟု ကမ်းလှမ်းခဲ့ရာ ဗင်နီစီယပ်စ်က လက်ခံခဲ့ကြောင်း သိရသည်။
မာမာဒက်ရှီဗလီသည် ဗင်နီစီယပ်စ်၏ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့သော်လည်း ဗင်နီစီယပ်စ်ထံမှ လောင်းကြေးမရသေးကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မာမာဒက်ရှီဗလီက "ကျွန်တော် ယူရို (၅၀) အနိုင်ရခဲ့ပါတယ်။ ကျွန်တော် သူ့(ဗင်နီစီယပ်စ်)ကို ပယ်နယ်တီ ဝင်၊ မဝင် ယူရို (၅၀) ကြေး လောင်းမလားလို့ မေးမြန်းခဲ့ပြီး သူက လောင်းမယ်လို့ ပြန်ပြောခဲ့ပါတယ်။ သူ့က ပွဲအပြီးမှာ ပေးမယ်လို့ ပြောခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
သတင်းထောက်က ဗင်နီစီယပ်စ်ထံမှ လောင်းကြေး ယူရို (၅၀) ရပြီးလားဟု မေးမြန်းခဲ့ရာ မာမာဒက်ရှီဗလီက "မရသေးဘူး။ မရသေးဘူး။ မရသေးပါဘူး"ဟု ပြန်ဖြေခဲ့သည်။ လာမည့်နွေတွင် လီဗာပူးလ်အသင်းသို့ ရောက်ရှိမည့် မာမာဒက်ရှီဗလီသည် အဆိုပါပွဲစဉ်တွင် ဗင်နီစီယပ်စ်၏ပယ်နယ်တီကို ကာကွယ်ခဲ့သလို၊ ဂိုးပေါက်ကာကွယ်မှု (၈) ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။