Eleven Media Group

ယခုရာသီကုန်တွင် အသင်းမှထွက်ခွာရန် ဖိအားပေးခံခဲ့ရကြောင်း ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာ ဖွင့်ဟ

Photo: X

ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာက ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မိမိ၏ဆန္ဒအရမဟုတ်ဘဲ အသင်းက ဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ Instagram မှ တစ်ဆင့် ဖွင့်ဟခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းက အသင်းတွင် (၂၅)နှစ်ကြာရှိနေသည့် သောမတ်စ်မူလာအနေဖြင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း ဧပြီလ (၄) ရက်တွင် အတည် ပြုကြေညာခဲ့သည်။

သောမတ်စ်မူလာ (၃၅ နှစ်)သည် အသက် (၁၀)နှစ်သားကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာသူဖြစ်ပြီး ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်းမှထွက်ခွာရတော့မည်ဖြစ်သည်။

မူလာက ၎င်းအနေဖြင့် ဘိုင်ယန်မြူးနစ်တွင် နောက်ထပ်တစ်နှစ်ထပ်နေလိုခဲ့သော်လည်း အသင်းက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

မူလာက "ကျွန်တော်နဲ့ပတ်သက်လို့ ပြောနေကြတာတွေ အများကြီးပါ။ ဒါတွေကို ရှင်းစေချင်လို့ ဒီစာကို ကျွန်တော်ရေးလိုက်ပါတယ်။ ဒီနှစ်တွေအတွင်းမှာ ပွဲကစားချိန်တွေ နည်းလာပေမဲ့ အသင်းနဲ့အတူ၊ ဒီကစားသမားတွေနဲ့ ရှိနေရတာကို ကျွန်တော် ပျော်ရွှင်နေခဲ့တာပါ။ ဒီမှာ နောက်တစ်နှစ်လောက်ထပ်နေဖို့ တွေးခဲ့တာပါ။ ဒါပေမဲ့အသင်းက ကျွန်တော့်ကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် နားလည်ပါတယ်"ဟု Instagram တွင်ရေးသားခဲ့သည်။

မူလာသည် ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၇၄၃)ပွဲတွင် (၂၄၇) ဂိုးသွင်းယူခဲ့ပြီး အသင်းနှင့်အတူ ဆုဖလား (၃၃)လုံး ဆွတ်ခူးထားသည်။

မူရင်းသတင်း — Eleven Media Group