
ဘောလုံးသုံးသပ်သူများအဖြစ် ဆောင်ရွက်နေကြသည့် မန်ယူကစားသမားဟောင်း ရွိုင်ကင်းနှင့် ဂယ်ရီနဗီးလ်တို့က ဂိုးမရှိသရေကျခဲ့သည့် မန်ချက်စတာဒါဘီပွဲကို ချစ်ကြည်ရေး ဒါဘီပွဲဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့ကြသည့်အပြင် နှစ်သင်းစလုံး ပျော်ရွှင်ခဲ့သည့် ရလဒ်ဖြစ်သည်ဟုလည်း လှောင်ပြောင်ခဲ့ကြသည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော အဆိုပါပွဲစဉ်တွင် အိမ်ရှင် မန်ယူအသင်းက ဂိုးသွင်းခွင့် (၁၃)ကြိမ်၊ ဂိုးပေါက်တည့်အခွင့်အရေး (၂)ကြိမ်သာ ရရှိခဲ့ပြီး ဧည့်သည် မန်စီးတီးအသင်းက ဂိုးသွင်းခွင့်(၉)ကြိမ်၊ ဂိုးပေါက်တည့် အခွင့်အရေး (၅)ကြိမ်သာ ရရှိခဲ့သည်။
ထို့ကြောင့် ရွိုင်ကင်းနှင့် ဂယ်ရီနဗီးလ်တို့က ဝေဖန်ခဲ့ကြခြင်းဖြစ်ပြီး မန်ချက်စတာ ဒါဘီပွဲတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခြင်းမှာ ၂၀၂၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
"ဒီလိုမျိုး ချစ်ကြည်ရေးပွဲလို ကစားပေးခဲ့တဲ့အတွက် ဂုဏ်ပြုရလိမ့်မယ်ထင်တယ်။ (ဝ-၀)ရလဒ်ကို နှစ်သင်းစလုံးက ပျော်ရွှင်နေကြတာလည်း တွေ့ရပါတယ်။ အကောင်းဆုံး မန်စီးတီးနဲ့ မန်ယူနိုက်တက်အသင်းတွေဆိုရင် ဒီလိုအဆုံးသတ်ရတာကို အရမ်းစိတ်ပျက်ကြမှာပါ။ အခု တနင်္ဂနွေနေ့လယ်မှာ တွေ့ရတာကတော့ သူတို့ ညစာအတူ သွားစားတော့ မလိုပါပဲ"ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။
ဂယ်ရီနဗီးလ်၏ စကားကို ရွိုင်ကင်းကလည်း ထောက်ခံခဲ့ပြီး "သူတို့က အင်တာဗျူးမှာ သရေရလဒ်က အရမ်းမဆိုးပါဘူးလို့ ပြောကြမှာပါ။ သရေပွဲတစ်ပွဲက ဘယ်ကိုမှ ခရီးရောက်စေမှာ မဟုတ်ပါဘူး။ ဒါဟာ မလုံလောက်ပါဘူး"ဟု ပြောကြားခဲ့သည်။
ယင်းသို့ ဝေဖန်မှုများနှင့် ပတ်သက်၍ မန်ယူနည်းပြ အာမိုရင်မ်က "ဂယ်ရီနဗီးလ်က အရာအားလုံးကို ဝေဖန်နေတာ ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က လက်ရှိ အခိုက်အတန့်မှာ အသင်းရဲ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီဖြစ်အောင် ဖန်တီးနေမိတာကိုလည်း နားလည်ပါတယ်။ မန်စီးတီးက အတိတ်မှာ ဆုဖလားအားလုံးကို ရယူခဲ့ပြီး ဒီရာသီမှာ ရုန်းကန်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးပွဲဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က အကောင်းဆုံးအရာတွေအတွက် တိုက်ပွဲဝင်နေရတဲ့ အချိန်အခါလည်း မဟုတ်ပါဘူး။ ဒါက ခြားနားပါတယ်။ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကင်းတို့က မတူညီတဲ့ အခြေအနေမှာ ဒီလိုပွဲကို ကစားခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က ဆုဖလားတွေအတွက် တိုက်ပွဲဝင်ခဲ့ရလို့ပါ။ ဒါက မတူညီတဲ့ အခြေအနေဖြစ်ပါတယ်"ဟု တုံ့ပြန်ခဲ့သည်။
ဂယ်ရီနဗီးလ်က မန်ယူအသင်းအနေဖြင့် အာမိုရင်မ်၏ (၃-၄-၃)ကစားကွက်အတွက် ကစားသမားသစ်(၅)ဦး ခေါ်ယူပေးရန် လိုအပ်သည်ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။ မန်ယူအသင်းသည် နည်းပြ အာမိုရင်မ်ကို ၂၀၂၄ နိုဝင်ဘာ တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သောကြောင့် ၎င်းအလိုရှိသည့် ကစားသမားကို ၂၀၂၅ ဆောင်းရာသီဈေးကွက်တွင်သာ ခေါ်ယူပေးနိုင်ခဲ့ပြီး အာဆင်နယ်မှ လူငယ်ကစားသမား ဟယ်ဗန်နှင့် လက်ချီမှ ဒေါ်ဂူတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဂယ်ရီနဗီးလ်က လာမည့်နွေရာသီတွင် ကစားသမားသစ် (၅)ဦး ထပ်မံခေါ်ယူပေးရန် လိုအပ်ပြီး လက်ရှိကစားသမားများနှင့် လုံလောက်မှုမရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဂယ်ရီနဗီးလ်က လက်ရှိအသင်းမှ တိုက်စစ်မှူးများထက် အီလန်ဂါ၊ ရပ်ရှ်ဖို့ဒ်နှင့် ဝဲလ်ဘက်တို့က ပိုမိုကောင်းမွန်သည်ဟုလည်း ပြောကြားခဲ့သည်။