
ဘားအံမြို့၌ကျင်းပခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ အဓိကခေါင်ပွဲတွင် ယှူးခလိန်းမင်းကို သွေးသစ်ဝင်းလှိုင်က အလဲထိုးပြီး အနိုင်ရခဲ့ကြောင်း သိရသည်။
ယင်းမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြီးခဲ့သည့်ဧပြီ(၄၊ ၅) ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ လှိုင်းထောင်ကျေးရွာ၌ကျင်းပခဲ့ပြီး တွဲဆိုင်း(၂၃) ဆိုင်း ပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ဧပြီ(၄) ရက် ပထမနေ့တွင် (၃) ချီတွဲဆိုင်း (၈)ဆိုင်း၊ (၅)ချီတွဲဆိုင်း (၃) ဆိုင်း၊ စုစုပေါင်း တွဲဆိုင်း(၁၁) ဆိုင်း၊ ဧပြီ (၅)ရက် ဒုတိယနေ့တွင် (၃) ချီတွဲဆိုင်း (၉) ဆိုင်း၊ (၅) ချီတွဲဆိုင်း (၃) ဆိုင်း၊ စုစုပေါင်း တွဲဆိုင်း (၁၂) ဆိုင်းထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
ဧပြီ(၄) ရက်တွင် ကျင်းပသည့် ပထမနေ့၏ (၃) ချီတွဲဆိုင်းများထဲမှ အဓိကခေါင်ပွဲအဖြစ် သပြေညိုနှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် အရှုံးအနိုင်မပေါ်ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။
ပထမနေ့၏ (၅) ချီ အဓိကခေါင်ပွဲများအဖြစ် ရန်နိုင်ထွန်းနှင့် နေထူးထူး၊ စူပါရေချမ်းနှင့် သွေးသစ်မောင်၊ စောထူးအောင် နှင့် စောမင်းမင်းတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ယင်းတွဲဆိုင်း သုံးဆိုင်းစလုံး အရှုံးအနိုင်မပေါ်ဘဲ သရေဖြင့်သာပြီးဆုံးခဲ့ကြောင်း သိရသည်။
ပထမနေ့၏ (၅) ချီ အဓိကခေါင်ပွဲများတွင် ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးပွဲဖြစ်သည့် စူပါရေချမ်းနှင့် သွေးသစ်မောင်တွဲဆိုင်းမှာ အကြိတ်အနယ်ရှိခဲ့ပြီး ရေကုန်ရေခန်းထိုးသတ်ခဲ့ကြသည်။
စူပါရေချမ်းသည် ONE Championship ၏ ONE Friday Fight ပြိုင်ပွဲများတွင် သွားရောက်ထိုးသတ်နေသူဖြစ်ပြီး ယင်းအတွေ့အကြုံများကြောင့်ပင် ယခုပွဲ၌ သွေးသစ်မောင်ကို ငါးချီစလုံး အစီးထိုးသတ်ခဲ့သလို သတ်လုံးသတ်ပေါက် နှင့် ကြံံ့ခိုင်မှုမှာလည်း ကျေနပ်စရာကောင်းလောက်အောင် များစွားတိုးတက်လာသည်ကို ပရိသတ်များ မြင်တွေ့ခဲ့ရသည်။
ဧပြီ(၅) ရက်တွင် ကျင်းပသည့် ဒုတိယနေ့၏ (၃) ချီတွဲဆိုင်းများထဲမှ အဓိကခေါင်ပွဲအဖြစ် မိုးထက်အောင်နှင့် မင်းကျော်ဇတို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် အရှုံးအနိုင်မပေါ်ဘဲ သရေဖြင့်သာပြီးဆုံးခဲ့သည်။
ဒုတိယနေ့၏ (၅) ချီ အဓိကခေါင်ပွဲများအဖြစ် သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်း၊ သွေးသစ်အောင်နှင့် မင်းမောင်မောင်၊ ထွန်းတောက်မင်းနှင့် ထူးကညောတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ယင်းတွဲဆိုင်း သုံးဆိုင်းစလုံး အရှုံးအနိုင်ပေါ်ခဲ့ကြ သည်။
ထွန်းတောက်မင်းနှင့် ထူးကညောတို့ တွဲဆိုင်းတွင် ထွန်းတောက်မင်းက ဒုတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ သွေးသစ်အောင်နှင့် မင်းမောင်မောင်တို့တွဲဆိုင်းတွင် သွေးသစ်အောင်က တတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းတို့တွဲဆိုင်းတွင် သွေးသစ်ဝင်းလှိုင်က နောက်ဆုံးအချီတွင် အလဲထိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
သွေးသစ်ဝင်းလှိုင်နှင့် ယှူးခလိန်းမင်းတို့ ပွဲတွင် ယှူးခလိန်းမင်းမှာ ပထမအချီ၌ အမှတ်စဉ်ရေတွက်ခံခဲ့ရသော်လည်း နောက်ဆုံးအချီအထိ ထိုးသတ်နိုင်ခဲ့သည်။
ယင်းပွဲတွင် သွေးသစ်ဝင်းလှိုင်၏ လက်ရည်မှာ ယခင်လက်ရည်အတိုင်းပြန်ရခဲ့ပြီး ယှူးခလိန်းမင်းကို အချီတိုင်း အစီးထိုးသတ်နိုင်ခဲ့ပြီး နောက်ဆုံးအချီတွင် ဘယ်ခြေဘော်ဒီကန်ချက်ဖြင့် အလဲထိုးကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။