
ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဖိုက်တာ စိုးမိုးဇော်သည် ပြိုင်ဘက်အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာကို ဒုတိယအချီ၌ အလဲထိုးပြီး အနိုင်ယူခဲ့ကြောင်း သိရသည်။
KUBOTA Kun Khmer ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲကို ပြီးခဲ့သည့်ဧပြီ ၄ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာ စိုးမိုးဇော်မှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ထန်ချီစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာဖိုက်တာ စိုးမိုးဇော်နှင့် ကမ္ဘောဒီးယားဖိုက်တာ ထန်ချီစ်ဒါတို့သည် (၆၃.၅) ကီလိုတန်း၌ အဓိကခေါင်ပွဲအဖြစ် သုံးမိနစ်၊ သုံးချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
စိုးမိုးဇော်သည် ပထမအချီစကတည်းက တိုက်စစ်ဖွင့်ပြီး ပြိုင်ဘက်အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာကို ဖိအားပေးထိုးသတ်ခဲ့သည်။
စိုးမိုးဇော်သည် ဘယ်ညာလက်သီးတွဲလုံးကို အဓိကအားပြုခဲ့ပြီး အောက်ခြေခတ်ချက်၊ ဘော်ဒီကန်ချက်နှင့် အမြင့်ကန်ချက်များအားလုံးကို သတ်လုံးသတ်ပေါက်စုံစွာ ထိုးသတ်သွားခဲ့သည်။
အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ ထန်ချီစ်ဒါသည် အောက်ခြေခတ်ချက်၊ ညာခြေအမြင့်ကန်ချက်နှင့် ညာဝိုက်လက်သီးများကို အဓိကအားပြုခဲ့ပြီး လူချင်းအပူးတွင် အနီးကပ်တံတောင်ရိုက်ချက်များ အသုံးပြုခဲ့သည်။
ပထမအချီတွင် စိုးမိုးဇော်က အစီးထိုးသတ်နိုင်ခဲ့သော်လည်း သိသာသည့် ထိုးချက်ကန်ချက်များတော့ မရရှိခဲ့ပေ။
ဒုတိယအချီတွင်လည်း စိုးမိုးဇော်ကသာ တိုက်စစ်ကိုဦးဆောင်ပြီး အတင်းဝင်ကာ ဖိအားပေးထိုးသတ်ခဲ့သည်။
စိုးမိုးဇော်သည် ညာထောက်လက်သီးနှင့် ဘယ်ခြေကန်ချက်များကို အဓိကအားပြုထိုးသတ်လာခဲ့သည်။
စိုးမိုးဇော်၏ ဘယ်ခြေကန်ချက်များမှာ အားပါလွန်းခဲ့ပြီး ကမ္ဘောဒီးယားဖိုက်တာ ထန်ချီစ်ဒါအတွက် အခက်တွေ့စေခဲ့သည်။
စိုးမိုးဇော်၏ ဘယ်ခြေဘော်ဒီကန်ချက်ပြင်းကြောင့်ပင် ကမ္ဘောဒီးယားဖိုက်တာ ထန်ချီစ်ဒါမှာ ပြန်မထလာနိုင်တော့ပဲ အရှုံးပေးခဲ့ရသည်။
မြန်မာဖိုက်တာ စိုးမိုးဇော်သည် ယခုပွဲမတိုင်မီ ပြီးခဲ့သည့်မတ် ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် Ganzberg Idol Khun Khmer ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ဆောက်ဘန်တေး၏ နင်းခြေကန်ချက်ကြောင့် ဒုတိယအချီတွင် ရှုံးနိမ့်ထားခဲ့သည်။