
လာမည့် ဧပြီ ၁၈ ရက်တွင် ကျင်းပမည့် ONE Friday Fights 105 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ONE Friday Fights 105 ပြိုင်ပွဲကို လာမည့်ဧပြီ ၁၈ ရက်တွင် ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
ONE Championship ပရိုမိုးရှင်းသည် ONE Friday Fights 105 ပြိုင်ပွဲအတွက် မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်တို့ တွဲဆိုင်းကို ပထမဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခြားတွဲဆိုင်းများကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။
ယင်းအနေအထားကို သုံးသပ်ရမည်ဆိုပါက ONE Championship ပရိုမိုးရှင်းသည် ONE Friday Fights 105 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်တို့ တွဲဆိုင်းကို အထူးအလေးထားနေကြောင်း ထင်ရှားပေါ်လွင်နေလျက်ရှိသည်။
သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်သည် အသက် ၂၆ နှစ်၊ အရပ် ၅ ပေ ၇ လက္မရှိပြီး မွေထိုင်းပွဲများစွာ ထိုးသတ်ထားသည့် ၀ါရင့်ဖိုက်တာတစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်သည် အသက် ၁၇ နှစ်အရွယ်ကတည်းက မွေထိုင်းစတင်ထိုးသတ်ခဲ့သူဖြစ်ပြီး ယနေ့အချိန်အထိ မွေထိုင်းပွဲပေါင်း ၄၇ ပွဲ ထိုးသတ်ထားရာ ၂၈ ပွဲနိုင်၊ ၁၉ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
သို့သော် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်သည် ONE Championship ၏ ONE Friday Fights ပြိုင်ပွဲများတွင်မူ ၇ ပွဲသာ ထိုးသတ်ရသေးပြီး ၃ ပွဲနိုင်၊ ၄ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
မွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်သည် ONE Friday Fights ပြိုင်ပွဲများတွင် ထိုင်းနိုင်ငံမှ နာမည်ရမွေထိုင်းဖိုက်တာများဖြစ်သည့် ပတ်ချာမောင်ဆရီနှင့် ဆောဆွန်မိုင်းတို့ကို အနိုင်ရထားသည်။
သို့သော် မွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်သည် ONE Friday Fights ပြိုင်ပွဲများတွင် နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ထားသည်။
သို့သော် မွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်သည် ပြီးခဲ့သည့်မတ်လအတွင်းက ထိုးသတ်ခဲ့သည့် Channel-7 မွေထိုင်းပြိုင်ပွဲတွင်မူ ပြိုင်ဘက်ထိုင်းဖိုက်တာကို တတိယအချီ၌ အလဲထိုးဖြင့် အနိုင်ရထားသည်။
မြန်မာဖိုက်တာ သန့်ဇင်သည် အသက် ၂၀ နှစ်၊ အရပ် ၅ ပေ ၆ လက္မရှိပြီး မြန်မာပရိသတ်အခိုင်အမာရရှိထားသည့် ဖိုက်တာတစ်ဦးဖြစ်သည်။
သန့်ဇင်သည် ONE Championship ၏ ONE Friday Fights ပြိုင်ပွဲများတွင် လေးပွဲထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
သန့်ဇင်သည် ONE Friday Fights ပြိုင်ပွဲများတွင် ပထမဆုံးနှစ်ပွဲကို အလဲထိုးဖြင့် အနိုင်ရပြီး နောက်ဆုံးနှစ်ပွဲကို အလဲထိုးခံရကာ ရှုံးနိမ့်ထားခြင်းဖြစ်ကြောင်း သိရသည်။