
မြန်မာ့လက်ရွေးစင်အသင်း၏ ဂိုးနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်ကို့စ်သည် ပြီးခဲ့သည့် မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဘေးဒဏ်ကြောင့် ဘေးဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် ရန်ပုံငွေကောက်ခံ၍ လှူဒါန်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
မိုက်ကို့စ်သည် ထိုင်းလိဂ်-၂ ကလပ် ဘန်ကောက်အသင်းထံသို့ ဆက်သွယ်၍လည်း အလှူငွေကောက်ခံခဲ့ရာ ဘန်ကောက်အသင်းသည် ဧပြီ(၃)ရက်က ကစားခဲ့သည့် ကတ်ချနာဘူရီပါ၀ါအသင်းနှင့်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေးများအားလုံးကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုက်ကို့စ်သည် ပြီးခဲ့သည့် ၂၀၂၀- ၂၀၂၁ ခုနှစ်များတွင် ဘန်ကောက်အသင်း၌ ဂိုးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
မိုက်ကို့စ်သည် ယခုအခါ မန္တလေးမြို့သို့ ရောက်ရှိနေပြီး ငလျင်ဘေးသင့်ပြည်သူများအား ကုသမှုပြုလုပ်ပေးနေသည့် မန္တလေးဆေးရုံကြီးအပါအဝင် အခြားငလျင်ဘေးသင့်နေရာများသို့လည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းနေလျက်ရှိကြောင်း သိရသည်။