Eleven Media Group

ဖိုဒန်၏မိခင်ကိုရည်ရွယ်၍ လှောင်ပြောင်သည့်လုပ်ရပ်ကို ဂွါဒီယိုလာ ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမရှိသည့်လုပ်ရပ်ဟု ပြောကြား

Photo: Phil Foden X

မန်ချက်စတာဒါဘီပွဲစဉ်တွင် ဖိုဒန်၏ မိခင်ကိုရည်ရွယ်၍ လှောင်ပြောင်တိုက်ခိုက်ခဲ့ကြသည့် မန်ယူအသင်းပရိသတ်များ၏ လုပ်ရပ်ကို မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြင်းထန်စွာဝေဖန်ခဲ့ပြီး ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
ဧပြီ ၆ ရက်က အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ခြေစွမ်းမပြနိုင်သည့် ဖိုဒန်မှာလည်း ၅၇ မိနစ်တွင် လူစားလဲခဲ့ရသည်။
သို့သော် အိမ်ရှင်မန်ယူအသင်းပရိသတ်များသည် ပထမပိုင်းယှဉ်ပြိုင်ကစားနေစဉ် ဖိုဒန်၏မိခင်ကိုရည်ရွယ်၍ ညစ်ညမ်းသည့်စကားများဖြင့် လှောင်ပြောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖိုဒန်၏မိခင် ရိုလန်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာတွင် အရက်မူးပြီး ရဲအရာရှိများကို ဆဲဆိုမှုကြောင့် ဒဏ်ငွေချမှတ်ခံရဖူးသဖြင့် ယင်းလုပ်ရပ်ကို ရည်ရွယ်၍ လှောင်ပြောင်ခြင်းဖြစ်ဖွယ်ရှိသည်။
အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဂွါဒီယိုလာက ''ဒါက အဆင့်အတန်းမရှိတာပါ။ ဒါပေမဲ့ အဲဒါက ယူနိုက်တက်မဟုတ်ပါဘူး။ အဲဒါက လူတွေကြောင့်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား။ ကျွန်တော်တို့တွေ အထူးသဖြင့် မန်နေဂျာတွေ၊ အသင်းပိုင်ရှင်တွေနဲ့ ဘောလုံးသမားတွေက ကမ္ဘာ့ဘောလုံးလောကရဲ့ ဖန်သားပြင်ပေါ်မှာ ရှိနေတဲ့သူတွေပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖီးလ်ရဲ့အမေနဲ့ပတ်သက်တဲ့ လူတွေရဲ့စိတ်ကို ကျွန်တော်နားမလည်ဘူး။ အဲဒါက အဆင့် အတန်း၊ ဂုဏ်သိက္ခာမရှိတာပါ။ သူတို့ အရှက်ရသင့်တယ်'' ဟု ဖြေကြားသည်။

မူရင်းသတင်း — Eleven Media Group