Eleven Media Group

Ballon d'Or ဆုမှာ အိပ်မက်တစ်ခုဖြစ်ပြီး အာဆင်နယ်အသင်းနှင့် ချန်ပီယံဆုများ ရယူနိုင်ရေးကို ပိုမိုအာရုံစိုက်ထားသည်ဟု ဆာကာ ပြောကြား

Photo: X

အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာက Ballon d'Or ဆုရရှိရေးမှာ အိပ်မက်တစ်ခုဖြစ်ပြီး အာဆင်နယ်အသင်းနှင့် ချန်ပီယံဆုများ ရယူနိုင်ရေးကို ပိုမိုအာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။
ဆာကာ(၂၃ နှစ်)သည် ၂၀၁၉-၂၀ ရာသီမှစ၍ အာဆင်နယ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး အသင်း၏ ဦးဆောင်တိုက်စစ်ကစားသမားအဖြစ်လည်း ခြေစွမ်းပြနေသည်။
သို့သော် ၎င်းအနေဖြင့် အာဆင်နယ်အသင်းတွင် FA ဖလား ချန်ပီယံဆုတစ်ကြိမ်သာ ရယူထားနိုင်သေးသည်။
ဆာကာသည် ယခုရာသီတွင် တံကောက်ကြောဒဏ်ရာကြောင့် (၃)လကျော် အနားယူခဲ့ရပြီး ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင်မှ ပြန်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် အင်္ဂါနေ့(ယနေ့)တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲအတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆာကာက ဒဏ်ရာကြောင့် အနားယူခဲ့ရခြင်းမှာ ၎င်း၏ စိတ်ဓာတ်ပိုင်းကို ပိုမိုလန်းဆန်းကောင်းမွန်စေခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
''ပြီးခဲ့တဲ့ (၅)နှစ်အတွင်းမှာ ကျွန်တော် တစ်ပွဲပြီးတစ်ပွဲ ကစားခဲ့ရပြီး ဒါက ပထမဆုံးအနားယူခဲ့ရတာပါ။ ဒါက ကျွန်တော့်အတွက် တကယ်ကောင်းပါတယ်။ ကျွန်တော် တကယ်ကောင်းမွန်စွာ ပြန်လာနိုင်ခဲ့ပြီး စိ်တ်ပိုင်းဆိုင်ရာကလည်း လန်းဆန်းနေတယ်လို့ ခံစားရပါတယ်''ဟု ဆာကာက ပြောကြားခဲ့သည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်နှင့် ပတ်သက်၍လည်း ''ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို နှစ်ရာသီဆက် ယှဉ်ပြိုင်ရတာ ကျွန်တော်တို့အတွက် ပထမဆုံးဖြစ်ပြီး ဒါက အဓိပ္ပာယ်အများကြီးရှိပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ချင်ပြီး အဲဒီအတွက် ကြိုးစားသွားမှာပါ။ မက်ဒရစ်က လေးစားစရာ သမိုင်းကြောင်းရှိပေမဲ့ မနက်ဖြန် ဘာမဆို ဖြစ်နိုင်ပါတယ်။ သူတို့ကို ကျွန်တော် အနိုင်ရချင်ပါတယ်။ Ballon d'Or က အိပ်မက်တစ်ခုဖြစ်ပေမဲ့ ကျွန်တော် အာရုံစိုက်ထားတာ အာဆင်နယ်နဲ့ ချန်ပီယံဆုတွေ ရယူဖို့ပါ။ အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့လည်း ကြိုးစားနေပြီး တစ်ဦးချင်းထူးချွန်ဆုတွေက ကျွန်တော့်ဆီ ရောက်ရှိလာမှာပါ''ဟု ဆာကာက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group