
အာဆင်နယ် နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို အာဆင်နယ်အသင်းက ၂ ရာသီဆက်တက်ရောက်လာခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမယ်။ အာဆင်နယ်အသင်းအတွက် မနှစ်က ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အလေးပေးမှုအသာစီးမှာတောင် မကျော်ဖြတ်နိုင်ခဲ့သလို၊ အဓိကအားဖြင့်တော့ အစဉ်အလာပိုင်း၊ အတွေ့အကြုံပိုင်း ခြားနားမှုတွေက စကားပြောခဲ့တယ်။ အခု ရီးယဲလ်မက်ဒရစ်က မနှစ်က အာဆင်နယ် ရင်ဆိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ထက် ပိုကြောက်စရာကောင်းသလို၊ အာဆင်နယ် ဘောလုံးကိုင်ကစားချိန်မှာ ထက်မြက်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ထိုးနှက်နိုင်တဲ့ အသင်းမျိုးလည်းဖြစ်နေတယ်။ ကီလီယန်အမ်ဘာပေ၊ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့ဆိုတာ တစ်ဦးချင်းထိန်းချုပ်ပုံအပိုင်းမှာ အမြင့်ဆုံးအဆင့်မှာ ရှိမနေတဲ့ အာဆင်နယ်အတွက် သတိပြုရမယ့် တိုက်စစ်ကစားသမားတွေလည်းဖြစ်တယ်။ ကစားရမှာက အမ်းမရိတ်စ်မှာ ဆိုပေမယ့် ရီးယဲလ်ကို အာဆင်နယ်အနိုင်ယူဖို့ လွယ်မယ်မထင်ဘူး။ ရီးယဲလ်ကို ကြိုက်တယ်။
ဘိုင်ယန်မြူးနစ် နှင့် အင်တာမီလန် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)
လွန်ခဲ့တဲ့ ၁၅ နှစ်နီးပါးလောက်တုန်းက ဂျိုဆေးမော်ရင်ဟိုရဲ့အင်တာမီလန်အသင်းက ဘိုင်ယန်မြူးနစ်ကို ၂-၀ ဂိုးနဲ့ အသည်းခွဲခဲ့ဖူးတယ်။ ၂၀၁၀-၁၁ ရာသီ ၁၆ သင်းရှုံးထွက်အဆင့်မှာ ထပ်တွေ့တော့လည်း အင်တာမီလန်က ဘိုင်ယန်မြူးနစ်ကွင်းမှာ ၂-၃ ဂိုးနဲ့ ထပ်နိုင်ခဲ့ပြီး အဝေးဂိုးစည်းမျဉ်းနဲ့ ကွာတားဖိုင်နယ်တက်သွားခဲ့ဖူးတယ်။ အဲ့ဒီနောက်ပိုင်းမှာ အင်တာမီလန်က သိသိသာကျဆင်းသွားခဲ့ပြီး ၂၀၂၂-၂၃ အုပ်စုအဆင့်မှာ ဒီနှစ်သင်း နှစ်ကျော့ပြန်တွေ့တယ်။ ဘိုင်ယန်က နှစ်ကျော့စလုံးလွယ်လွယ်ကူကူ အနိုင်ရခဲ့တယ်။ လက်ရှိ အင်တာမီလန်အသင်းကတော့ ဘိုင်ယန်မြူးနစ် အဲ့ဒီလို အနိုင်ယူဖို့ မလွယ်တဲ့အသင်းမျိုးလို့ ပြောရမယ်။ ကစားသမားအင်အား၊ စုဖွဲ့မှုမှာ ဘိုင်ယန်အနည်းငယ်သာနေရင်တောင် ခြေစွမ်းမကွာကြသလို နောက်တစ်ဆင့်တက်ရေးကလည်း ၅၀-၅၀ ပဲလို့ ပြောရမယ်။ ဘိုင်ယန်မြူးနစ်ကွင်းမှာ အင်တာမီလန်ရဲ့ ရည်မှန်းချက်က သရေရဖို့အတွက်ဆိုရင် ဖြစ်နိုင်ခြေလည်းရှိတယ်။ ဒါပေမဲ့ ဘိုင်ယန်နိုင်ဖို့ အခွင့်အရေးက ပိုများပါတယ်။ အကြိတ်အနယ်ရလဒ်ပဲ ထွက်မယ်။