Eleven Media Group

ဘယ်နောက်ခံနေရာကို အစားထိုးရန်အတွက် ဘုန်းမောက်မှ ကာကက်ဇ်နှင့် ဖူလ်ဟမ်မှ အန်တိုနီရော်ဘင်ဆင်တို့ကို လီဗာပူးလ် ချိတ်ဆက်နေ

Photo: Fabrizio

လီဗာပူးလ်အသင်းသည် လာမည့်ရာသီတွင် အသင်း၏ ခံစစ်ဘယ်ခြမ်းကို အားဖြည့်ရန်အတွက် ဘုန်းမောက်အသင်း၏ ဟန်ဂေရီလက်ရွေးစင်ကစားသမား မီလို့စ်ကာကက်ဇ်နှင့် ဖူလ်ဟမ်အသင်း၏ အမေရိကန်လက်ရွေးစင်ကစားသမား အန်တိုနီရော်ဘင်ဆင်တို့အား ချိတ်ဆက်လျက်ရှိကြောင်း သိရှိရသည်။
ဘုန်းမောက်အသင်းသည် မီလို့စ်ကာကက်ဇ်အား ၂၀၂၃-၂၄ ရာသီအစကမှ နယ်သာလန်ကလပ် အယ်လ်ခမာအသင်းထံမှ ခေါ်ယူထားခြင်းဖြစ်ပြီး ထိုအချိန်က ယူရို (၁၅) သန်းသာပေးချေခဲ့ရသည်။
အယ်လ်ခမာအသင်းမှာလည်း အေစီမီလန် ယူ-၁၉ အသင်းမှ ယူရို (၃) သိန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ဘုန်းမောက်အသင်းသည် ကာကက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၄၀) ဝန်းကျင် အလိုရှိနေပြီး အသက် (၂၁) နှစ်အရွယ် ကစားသမား၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဖူလ်ဟမ်အသင်းကမူ အမေရိကန်လက်ရွေးစင် ရော်ဘင်ဆင်အား ဝီဂန်အသင်းထံမှ ၂၀၂၀ ခုနှစ်က ပေါင် (၂) သန်းဝန်းကျင်ဖြင့် ခေါ်ယူထားခြင်းဖြစ်ပြီး ယခုအချိန်တွင်မူ ပေါင်သန်း (၅၀) အထိ စျေးခေါ်ထားကာ လီဗာပူးလ်က (၂၇) နှစ်အရွယ် ကစားသမားအတွက် ပေါင်သန်း (၄၀)ခန့်သာ အသုံးပြုလိုနေသည်။

မူရင်းသတင်း — Eleven Media Group