
လက်စတာအသင်းသည် နယူးကာဆယ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ရှစ်ပွဲဆက်တိုက် တစ်ဂိုးမျှမသွင်းနိုင်ဘဲ ရှုံးနိမ့်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
လက်စတာအသင်းသည် ဧပြီ ၇ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် ၃၁ တွင် နယူးကာဆယ်အသင်းအား အိမ်ကွင်း၌ (ဝ-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
လက်စတာအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ရှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့သလို တစ်ဂိုးမျှလည်း သွင်းယူနိုင်ခြင်းမရှိရာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
လက်စတာအသင်းအနေဖြင့် ဖေဖော်ဝါရီမှ ဧပြီအထိ ရှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားခြင်းဖြစ်ပြီး အဲဗာတန်အသင်းအား အဝေးကွင်း၌ (၄-ဝ) ဂိုး၊ အာဆင်နယ်အသင်းအား အိမ်ကွင်း၌ (ဝ-၂) ဂိုး၊ ဘရန့်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ (ဝ-၄) ဂိုး၊ ဝက်စ်ဟမ်းအသင်းအား အဝေးကွင်း၌ (၂-ဝ) ဂိုး၊ ချယ်လ်ဆီးအသင်းအား အဝေးကွင်း၌ (၁-ဝ) ဂိုး၊ မန်ယူအသင်းအား အိမ်ကွင်း၌ (ဝ-၃) ဂိုး၊ မန်စီးတီးအသင်းအား အဝေးကွင်း၌ (၂-ဝ) ဂိုး၊ နယူးကာဆယ်အသင်းအား အိမ်ကွင်း၌ (ဝ-၃) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
ယခင်က ၁၉၉၄-၁၉၉၅ ရာသီတွင် ပဲလေ့စ်အသင်း ကိုးပွဲဆက် ဂိုးပေါက်ပျောက်ဖူးသော်လည်း ပွဲအားလုံးမရှုံးနိမ့်ဘဲ လေးပွဲသရေ၊ ငါးပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
လက်စတာအသင်းအနေဖြင့် တန်းဆင်းရရန် နီးစပ်လာပြီဖြစ်ရာ နည်းပြဖြစ်သူ နစ္စတယ်ရွိုင်းက ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ "ဒီညက ခက်ခဲပါတယ်။ အထူးသဖြင့် ကျွန်တော်တို့သွားနေတဲ့ ပုံစံကြောင့်ပါ။ အရေးကြီးတာက ဒါကို ခွဲခြမ်းစိတ်ဖြာဖို့၊ ကောင်း ကောင်းအိပ်ပြီး ရှုံးနိမ့်မှုကနေ နာလန်ထူလာနိုင်ဖို့ လုပ်ရမှာပါ။ အခုလောလောဆယ် ဒါပဲရှိပါတယ်" ဟု ပြောကြားသည်။
ယင်းပွဲ၏ ဒုတိယပိုင်း ၇၄ မိနစ်တွင် လူစားဝင်ရောက်ကစားခဲ့သည့် တောင်ပံကစားသမား ဂျရီမီမွန်ဂါမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယအသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် ၁၅ နှစ်၊ ၂၇၁ ရက်သာရှိသေးသူ မွန်ဂါသည် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ၁၅ နှစ်၊ ၁၈၁ ရက်ဖြင့် စံချိန်တင်ထားသည့် အာဆင်နယ်အသင်း ကစားသမား နွမ်နယ်ရီပြီးလျှင် ဒုတိယအငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
လက်စတာအသင်း၏ အင်္ကျီရင်ဘတ် စပွန်ဆာ BC.GAME မှာ အွန်လိုင်းလောင်း ကစားကုမ္ပဏီဖြစ်သောကြောင့် အသက်မပြည့်သေးသူ မွန်ဂါအနေဖြင့် စပွန်ဆာမပါသည့်အင်္ကျီ ဝတ်ဆင်ကစားခဲ့သည်။