
ဘာစီလိုနာအသင်း ကွင်းလယ်လူ ဒန်နီအော်လ်မိုနှင့် တိုက်စစ်ကစားသမား ပါအူဗစ်တာတို့ကို ရာသီကုန်အထိဆက်လက်ကစားခွင့်ပြုထားသည့် ဆုံးဖြတ်ချက်အပေါ်လာလီဂါပြိုင်ပွဲက အယူခံဝင်ခဲ့ကြောင်း သိရသည်။
လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ် RFEF တို့က ဘာစီလိုနာအသင်းအနေဖြင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဇန်နဝါရီ ၃ ရက်အထိ ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီကြောင်း ပြသနိုင်ခြင်းမရှိသဖြင့် အော်လ်မိုနှင့် ဗစ်တာတို့အား ရာသီကုန်အထိ ဆက်လက် မှတ်ပုံတင်ခွင့်ပြုရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။
သို့သော် စပိန်နိုင်ငံ၏ အားကစားဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားအားကစားကောင်စီ (CSD) က ၎င်းတို့နှစ်ဦးကို ရာသီကုန်အထိ ဆက်လက်ကစားခွင့်ပြုရန် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဆုံးဖြတ်ခဲ့သည်။
လာလီဂါပြိုင်ပွဲက CSD ၏ ဆုံးဖြတ်ချက်ကို ဧပြီ ၇ ရက်တွင် ထပ်မံအယူခံဝင်ခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်ချမည့်ကာလ ကိုမူမသတ်မှတ်ရသေးကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ၎င်းတို့နှစ်ဦးကို ရာသီကုန်အထိ မှတ်ပုံတင်နိုင်ရန်အတွက် ပြင်ဆင်တည်ဆောက်နေသည့် နူးကမ့်ကွင်းရှိ CSD ထိုင်ခုံနေရာများကို ယူရိုသန်း ၁၀၀ ဖြင့် ရောင်းချထားသည်။
သို့သော် ၂၀၂၄-၂၀၂၅ ရာသီအတွက် လွန်ခဲ့သည့်နှစ်ပတ်တွင် တင်ပြခဲ့သော ဘဏ္ဍာရေးမှတ်တမ်းများ၌ အဆိုပါသဘောတူညီမှုမပါဝင်ကြောင်း လာလီဂါ ပြိုင်ပွဲက ထုတ်ပြန်ထားပြီး ဘာစီလိုနာအသင်းကလည်း လျှို့ဝှက်အချက်အလက်များကို ထုတ်ပြန်ခဲ့သည့်လုပ်ရပ်အပေါ် အံ့အားသင့်မိကြောင်း တုံ့ပြန်ကြေညာခဲ့သည်။