Eleven Media Group

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်နှင့် အာဆင်နယ်တောင်ပံကစားသမား ဆာကာ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုနှင့်ပတ်သက်၍ ထုတ်ဖော်ဖွင့်ဟ

Photo: X

လီဗာပူးလ်အသင်းခေါင်းဆောင် ခံစစ်အတွင်းလူ ဗန်ဒိုက်နှင့် အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာသည် ၎င်းတို့၏ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

နယ်သာလန်လက်ရွေးစင်ကစားသမား ဗန်ဒိုက် (၃၃ နှစ်)၏ စာချုပ်မှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး စာချုပ်သက်တမ်းသုံးလသာ ကျန်ရှိတော့သည်။ ၎င်းက အန်ဖီးလ်ကွင်း၌ ဆက်ရှိနေရန် မသိသေးကြောင်း ပြီးခဲ့သည့်မတ်လအတွင်း ပြောကြားထားသော်လည်း ယခုအခါ ဆွေးနွေးမှုများတိုးတက်လာကြောင်း ထုတ်ဖော်ဝန်ခံခဲ့ခြင်းဖြစ်သည်။

"တိုးတက်မှုရှိလာတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီမှာဆက်နေဖြစ်မလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ဒါက အတွင်းရေးဆွေးနွေးမှုတွေဖြစ်လို့ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော် ဒီအသင်းကို ချစ်ပါတယ်။ ပရိသတ်တွေကိုလည်း ချစ်ပါတယ်။ သူတို့က ကျွန်တော်တို့အတွက် ဒီနေရာမှာ ထပ်ပြီးရှိနေတာဖြစ်ပြီး ကျွန်တော်တို့ကလည်း သူတို့ကို ဆုတွေပြန်ပေးချင်ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့ကျရင် ဒီနေရာ (အန်ဖီးလ်ကွင်း) မှာ သူတို့ကို ထပ်ပြီးရှိစေချင်ပါတယ်။ ကျွန်တော်တို့အတွက် အမြဲတမ်းလုပ်ပေးခဲ့သလိုမျိုး ဒီကွင်းကို အံ့အားသင့်စရာနေရာတစ်ခုဖြစ်အောင် လုပ်စေချင်ပါတယ်" ဟု ဗန်ဒိုက်က ပြောကြားသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမား ဆာကာ (၂၃ နှစ်)မှာမူ အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးပြီး အသင်းဘက်မှ စာချုပ်သစ်အတွက် ဆွေးနွေးမှုပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ဆာကာက "ကျွန်တော့်အတွက်တော့ ကျွန်တော် ချန်ပီယံဆုရချင်တယ်။ ဒီအသင်းတံဆိပ်ကို ဝတ်ဆင်ပြီး ကျွန်တော်ချန်ပီယံဆုရချင်တယ်။ ပရိသတ်တွေက ကျွန်တော် သူတို့ကို ဘယ်လောက်ချစ်လဲဆိုတာ သိပါတယ်။ အဲဒါကို အင်္ဂါနေ့က (အဲဗာတန်ပွဲ) ကျွန်တော်ဝင်လာတာကို ခင်ဗျားတွေ့မှာပါ။ သူတို့ကလည်း ကျွန်တော့်ကို ပြန်ချစ်ပေးကြတယ်လို့ ထင်တယ်။ အဲဒါကြောင့် ကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်နေတာပါ။ ဒီအသင်းမှာ ရှိနေရတာ တကယ်ပျော်ပါတယ်။ ဆုဖလားတွေရယူနိုင်ဖို့ပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဘယ်သူမှ အလျင်စလိုဖြစ်နေတယ်လို့ မထင်ပါဘူး။ ကျွန်တော့်စာချုပ်က နှစ်နှစ်ကျန်နေသေးလို့ စိတ်အေးအေးထားလို့ရပါတယ်" ဟု ဆိုသည်။

မူရင်းသတင်း — Eleven Media Group