Eleven Media Group

ပရိသတ်များ၏ လှောင်ပြောင်မှုကြောင့် မိမိပုံစံကို ပြောင်းလဲမည်မဟုတ်ဟု အိုနာနာ တုံ့ပြန်

Photo: X

မန်ယူအသင်းဂိုးသမား အိုနာနာက ပရိသတ်များ၏ လှောင်ပြောင်မှုကြောင့် မိမိပုံစံကို ပြောင်းလဲမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။

အိုနာနာအနေဖြင့် ဘောလုံးကို အချိန်ကြာမြင့်စွာကိုင်ထားပြီး လျင်မြန်စွာပေးပို့မှု မလုပ်သောကြောင့် ပရိသတ်များ၏ ဝေဖန်မှုခံနေရသည်။

ပြီးခဲ့သည့်တစ်ပတ်က မန်ချက်စတာဒါဘီပွဲစဉ်တွင်လည်း အိုနာနာ၏ တုံ့ဆိုင်းနေမှုကြောင့် တန်ပြန်တိုက်စစ် လျင်မြန်စွာစတင်နိုင်မည့် အခွင့်အရေးတချို့လွဲချော်ခဲ့သဖြင့် လှောင်ပြောင်ဝေဖန်မှုများ ထပ်မံထွက်ပေါ်လာရာ ၎င်းက ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါတွေ (လှောင်ပြောင်ဝေဖန်မှု)က ကျွန်တော့်ကို သက်ရောက်မှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အသင်းကို ကူညီပေးဖို့ ဆုံးဖြတ်တာပါ။ တစ်ခါတလေမှာ ကျွန်တော်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတတ်ပြီး တစ်ခါတလေတော့ မှားယွင်းတဲ့ဆုံးဖြတ်ချက် လုပ်မိပါတယ်။ ကျွန်တော့်ကစားသမားတွေ အနားယူဖို့ လိုအပ်တယ်လို့ ခံစားရတဲ့အခါ ကျွန်တော်က အချိန်ရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ ပွဲရဲ့အရှိန်ကိုမြှင့်တင်ဖို့ လိုအပ်တယ်လို့ ခံစားရတဲ့အခါ ကျွန်တော် အဲဒါကိုလုပ်မှာပါ။ ဒါပေမဲ့ တစ်ခါတလေ ဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်းက အရမ်းထိန်းချုပ်ထားပြီး ဘောလုံးပိုင်ဆိုင်မှုပိုများနေရင် ကျွန်တော့်လူတွေကို အသက်ရှူခွင့်ပေးရပါမယ်။ ကျွန်တော် အဲဒီလိုလုပ်ဖို့ သူတို့လိုအပ်ပါတယ်။ တကယ်လို့ အသင်းက ပွဲအရှိန်တင်ဖို့လိုအပ်ရင်လည်း ကျွန်တော် အဲဒါကို လုပ်မှာပါ။ ကျွန်တော်က အသင်းအတွက် အကောင်းဆုံး ဖြစ်စေမယ့် ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားနေတာပါ" ဟု အိုနာနာက ဆိုသည်။

မူရင်းသတင်း — Eleven Media Group