Eleven Media Group

■ လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ်အသင်း (၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်

Photo: GOAL

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ရီးယဲလ်မက်ဒရစ်ကို အာဆင်နယ် အနိုင်ရပြီးနောက် လာမည့် ၂၀၂၅-၂၆ ရာသီ ချန်ပီယံ လိဂ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ် (၅)သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် UEFA Coefficient Rankings အရ ထိပ်ဆုံး (၂)နိုင်ငံကို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၅)သင်းစီ ယှဉ်ပြိုင်ခွင့်ပေးထားသည်။

ယခုရာသီ UEFA မှ ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများတွင် အင်္ဂလန်ကလပ်အသင်းများမှာ စွမ်းဆောင်ရည်ကောင်းနေပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့၌ ရီးယဲလ်ကို အာဆင်နယ်အသင်း အနိုင်ရပြီးနောက် အင်္ဂလန်နိုင်ငံအနေဖြင့် UEFA Coefficient Rankings တွင် အဆင့် (၂) ရရန် သေချာသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ် ကလပ်အသင်း(၅)သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ထို့ပြင် ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ် အဆင့် (၅) ပြင်ပအသင်းများ ဗိုလ်စွဲမည်ဆိုပါက လာမည့်ရာသီ ချန်ပီယံလိဂ်တွင် ပရီးမီးယားလိဂ်ကလပ် (၇) သင်းအထိ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ(၈)ရက်အပြီး UEFA Coefficient Rankings တွင် အင်္ဂလန်က (၂၄.၅၃၅) မှတ်ဖြင့်ထိပ်ဆုံး၌ရှိနေသည်။

၎င်းနောက်တွင် စပိန်(၂၁.၆၇၈ မှတ်)နှင့် အီတလီ(၂၀.၁၈၇ မှတ်)တို့ အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group