Eleven Media Group

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: Man Utd

ဘိုဒယ်ဂလင့် နှင့် လာဇီယို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းက ဒီရာသီ ယူရိုပါလိဂ် အိမ်ကွင်းခြောက်ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပြီး ငါးပွဲစလုံး အနိုင်ကစားခဲ့တယ်။ မန်ယူနိုက်တက်လို အသင်းကိုလည်း အိုးလ်ထရက်ဖိုဒ်မှာ့တောင် အခက်အခဲတွေ့အောင် လုပ်ဆောင်ပြနိုင်ခဲ့တယ်။ လာဇီယိုအသင်းက နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရထားတယ်။ လာဇီယိုအနေနဲ့ ယူရိုပါလိဂ်မှာ ဒီရာသီ အဝေးကွင်းရလဒ်ကောင်းပေမဲ့ သိပ်တော့ ယုံစားလို့မရဘူး။ ဘိုဒယ်ဂလင့် သရေမျှော်လင့်လို့ရတယ်။

စပါး နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

စပါးအသင်းက ပရီးမီးယားလိဂ်မှာ ဇယားအောက်ဆုံးရောက် ဆောက်သမ်တန်ကို အနိုင်ကစားပြီး နိုင်ပွဲပြန်တွေ့ထားခဲ့တယ်။ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အရေးအကြီးဆုံးကာလ ရောက်လာချိန်မှာ ကစားသမားပိုင်းက လူစုံသလောက်နီးပါးဖြစ်လာလို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးအတွက် အသက်ရှူချောင်စရာပါပဲ။ ဘရန်နန်ဂျွန်ဆင်၊ ဆိုလန်ကီနဲ့ ဆွန်ဟောင်မင်တို့ ကစားတဲ့ တိုက်စစ်အတွဲက စိတ်ဝင်စားစရာဖြစ်လာပြီး အပြောင်းအလဲလုပ်နိုင်တဲ့ အရန်အင်အားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဖရန့်ဖတ်အသင်းကတော့ ဇန်နဝါရီလမှာ မာမွတ်ရှ် ထွက်သွားလို့ အနည်းငယ်ယိုင်သွားတယ်။ မာမွတ်ရှ်နေရာ အစားထိုးဖို့ မာဆေးလ်ကနေ အားကိုးတကြီးခေါ်ယူထားတဲ့ ၀ါဟီကလည်း ဒဏ်ရာကြောင့် နားနေရတယ်။ စပါးနောက်တန်း ဖရန့်ဖတ်တိုက်စစ်ကို ထိန်းချုပ်နိုင်မယ့်ပေါ်မှာပဲ မူတည်ပြီး စပါးတိုက်စစ်ကတော့ သေချာပေါက် ဂိုးရလိမ့်မယ်။ အိမ်ကွင်းလည်းဖြစ်လို့ စပါးအသင်းကိုပဲ ရွေးချယ်ချင်တယ်။

ရိန်းဂျားစ် နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးက (၁၆)သင်းအဆင့်မှာ ပိုရေပန်းစားတဲ့ အသင်းတွေကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် တက်ရောက်လာခဲ့တာဖြစ်တယ်။ ရိန်းဂျားစ်အသင်းက အိမ်ကွင်းမှာ လတ်တလော အခြေအနေဆိုးနေတယ်။ ပြည်တွင်းပွဲ အိမ်ကွင်းလေးပွဲဆက် အရေးနိမ့်ထားပြီး ဖီနာဘာချီကိုလည်း အိမ်ကွင်းမှာ ပြန်ရှုံးကာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ နောက်တစ်ဆင့်တက်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဘီလ်ဘာအိုကလည်း အဝေးကွင်း စိတ်မချရလို့ ရိန်းဂျားစ်ပဲ ကြိုက်တယ်။

လိုင်ယွန် နှင့် မန်ယူနိုက်တက် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

မန်ယူနိုက်တက်အသင်း နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားသလို၊ သွင်းဂိုးပါမရှိ ဖြစ်ခဲ့တယ်။ မန်ယူနိုက်တက်အသင်းမှာ ဒဏ်ရာရကစားသမားတချို့ ပြန်ပါလာပေမဲ့ နည်းပြ ရူဘင်အာမော်ရင်မ်က နောက်ဆုံးပွဲတွေမှာ အသုံးပြုခဲ့တဲ့ ပွဲထွက်လူစာရင်းကိုပဲ အမာခံထားပြီး ရာသီကုန်အထိ ဆက်သွားဖို့များတယ်။ မန်ယူနိုက်တက်အသင်းမှာ အရန်အင်အားကလည်း သိပ်များများစားစားမရှိဘူး။ မန်ယူနိုက်တက်အသင်းထက်စာရင် လိုင်ယွန်ကတောင် အပြောင်းအလဲ ပိုလုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ဒါပေမဲ့ နူအာမာလို ကစားသမားမျိုး နောက်ဆုံးပွဲမှာ ဒဏ်ရာရခဲ့တာက လိုင်ယွန်အတွက် အထိနာခဲ့ရပေမဲ့ နည်းပြ ပေါ်လိုဖွန်ဆီကာအနေနဲ့ အစားထိုးနိုင်ပါလိမ့်မယ်။ မန်ယူနိုက်တက်အသင်းအဖို့ ဒီရာသီအတွက် ယူရိုပါလိဂ်ဖလားက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေလို့ ရာသီအဆုံးသတ်ပိုင်းမှာ ပိုပြီးအားထည့်လာနိုင်တယ်။ အဝေးကွင်းဖြစ်ပေမဲ့ မန်ယူနိုက်တက်အသင်း မရှုံးပါဘူး။

မူရင်းသတင်း — Eleven Media Group