
စီရော်နယ်လ်ဒိုက ဆော်ဒီနိုင်ငံမှာ ငွေပုံပေါ် ထိုင်နေရပေမဲ့ သူ့ဘဝက အရာရာသာယာနေတာတော့ မဟုတ်ပါဘူး။ စိုးရိမ်ပူပန်စရာတွေ အများ ကြီးရှိနေပါတယ်။ ပိုင်ဆိုင်မှုတွေများရင် ဆုံးရှုံးရမှာတွေလည်း ပိုများတတ်တဲ့အတိုင်းပဲပေါ့။ စီရော်နယ်လ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ တစ်နှစ်လစာ ယူရိုသန်း(၂၀၀)ရရှိနေပါတယ်။ လှပတဲ့ ဇနီးချောလေး(တရားဝင်တော့ လက်မထပ်ရသေး)လည်း ပိုင်ဆိုင်ထားပါတယ်။ ရင်သွေး(၅) ယောက်နဲ့ ပျော်စရာမိသားစုလည်း ရှိပါတယ်။ တခြားသော သက်မဲ့ပစ္စည်းပိုင်ဆိုင်မှုနဲ့ စည်းစိမ်ဥစ္စာတွေကတော့ စာရင်းပြုစုရခက်လောက်အောင် ရှိနေပါတယ်။ စီရော်နယ်လ်ဒိုက အသက်(၄၀)ကျော်ပြီဖြစ်ပေမဲ့ ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး ဂိုးတွေလည်း တဒိုင်းဒိုင်းသွင်းနေတုန်းပါပဲ။ ဒါကြောင့် သူ့ဘဝက လိုလေသေးမရှိအောင် ပြည့်စုံနေပြီး အရာရာအဆင်ပြေသာယာနေတယ်လို့ ထင်မှတ်ရပေမဲ့ သောကတွေလည်း ရှိနေပါတယ်။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သူတို့မိသားစုကို အွန်လိုင်းကနေ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူတို့ မိသားစုအတွက် လုံခြုံရေးတိုးမြှင့်လိုက်ပြီး သက်တော်စောင့်အဖွဲ့ကို ပြောင်းလဲပြင်ဆင်ဖွဲ့ စည်းခဲ့ပါတယ်။
စီရော်နယ်လ်ဒိုနဲ့ ဇနီးသည် ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့က ဟော့ဟော့ရမ်းရမ်းနေတတ်သူတွေတော့ မဟုတ်ပါဘူး။ လက်ဖျားငွေသီးနေတဲ့သူ၊ ဆော်ဒီစော်ဘွားတွေရဲ့ ပစားပေးခံရသူတွေဖြစ်နေပေမဲ့ တိတ်တိတ်ဆိတ်ဆိတ်သာ နေထိုင်တတ်သူတွေပါ။ ဒါပေမဲ့ စီရော်နယ်လ်ဒိုက ကမ္ဘာကျော်ကစားသမားဖြစ်သလို၊ ဂျော်ဂျီနာကလည်း စီရော်နယ်လ်ဒိုကြောင့်သာမဟုတ်ဘဲ လှပကျော့ရှင်း ခြင်းဆိုတဲ့ ကိုယ်ပိုင်ဂုဏ်ဒြပ်နဲ့လည်း ကျော်ကြားနေသူဖြစ်တာကြောင့် တိတ်ဆိတ်ချင်တိုင်း တိတ်ဆိတ်လို့တော့ မရနိုင်ပါဘူး။ စပွန်ဆာသဘောတူညီမှုတွေအရ လူမှုကွန်ရက်မှာ သူ့အချိန်အခါနဲ့သူ ရုပ်လုံးထွက်ပြရတာတွေလည်း ရှိပါတယ်။ စီရော် နယ်လ်ဒိုက မီဒီယာတွေ အမြဲစောင့်ကြည့်ဖော်ပြ နေရတဲ့ ပရိသတ်အချစ်တော် ကစားသမားတစ် ယောက်လည်းဖြစ်တာကြောင့် သူတို့ရဲ့ပုံရိပ်တွေ က လူမှုကွန်ရက်မှာ အမြဲမပြတ်စီးဆင်းနေပါတယ်။ ဒါက သူတို့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ပိုပြီးချစ်မက်မြတ်နိုးချင်စရာဖြစ်နိုင်ပေမဲ့ မုန်းတီးသူတွေ အတွက်တော့ ပိုအမြင်ကတ်စရာ ဖြစ်နေနိုင်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှု၊ သာယာပျော်ရွှင်မှုတွေ အပေါ် မနာလိုသူ၊ မရှုစိမ့်သူတွေလည်း ရှိနေပါ တယ်။ ဒီတော့ စီရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာတို့ ဆင်ဆင်ခြင်ခြင်နေနေပေမဲ့ သူတို့မိသားစုအတွက် စိုးရိမ်စရာကောင်းတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိလာခဲ့ပါတယ်။ နောက်ဆုံးမှာ ဆော်ဒီရဲတပ် ဖွဲ့ကတောင် လုံခြုံရေးဂရုစိုက်ဖို့ သတိပေးခဲ့တာကြောင့် စီရော်နယ်လ်ဒိုက လုံခြုံရေးတိုးမြှင့်မှု ပြုလုပ်ခဲ့တာပါ။
စီရော်နယ်လ်ဒိုက အရင်ခန့်အပ်ထားတဲ့ သက်တော်စောင့်အဖွဲ့ဝင်အချို့ကို ရာထူးက ထုတ်ပယ်လိုက်ပြီး အဖွဲ့ဝင်သစ်တွေ အစားထိုးခန့်အပ်ခဲ့ပါတယ်။ ပြီးတော့ ကလော်ဒီယိုမီဂွယ်ဗက်ဇ်ဆိုတဲ့ ပေါ်တူဂီသက်တော်စောင့်ကို လုံခြုံရေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဗက်ဇ်ကို သက်တော်စောင့်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာကြောင့်လည်း စီရော်နယ်လ်ဒို လုံခြုံရေးတိုးမြှင့်တဲ့သတင်းက ပိုပြီးထင်ရှားသွားခဲ့တာပါ။ ဗက်ဇ်က Instsgram မှာ ပရိသတ်(၁၂၀၀၀)ကျော် ပိုင်ဆိုင်ထားသူဖြစ်ပြီး ပေါ်တူဂီကစားသမားတွေဖြစ်တဲ့ ရာဖေးလ်လီယာအိုနဲ့ ဂယ်လ်ဆင်မာတင်စ်တို့ရဲ့ သက်တော်စောင့်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ ပေါ်တူဂီက ဂီတအနုပညာရှင်တွေရဲ့ သက်တော်စောင့်အဖြစ်လည်း ဆောင်ရွက်ဖူးပါတယ်။ သူ နာမည်ကြီးတာကတော့ သူ့ရဲ့ ကာကွယ်ပုံက ခပ်ကြမ်းကြမ်းပုံစံနဲ့ ရန်လိုတဲ့အသွင် ဆောင်နေတာကြောင့်ပါ။ ဒါကြောင့် စီရော်နယ်လ်ဒိုရဲ့ အနားမှာ ရှိနေသူတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိလာပါတယ်။ လက်ရှိခြိမ်းခြောက်မှုတွေက ဗက်ဇ်လို စရိုက်မျိုးနဲ့ ကာကွယ်ပေးမှသာ လုံခြုံလိမ့်မယ်လို့ စီရော်နယ်လ်ဒိုက ယူဆခဲ့တာလားဆိုတာကိုတော့ ကာယကံရှင်သာ သိနိုင်မှာပါ။