Eleven Media Group

■ စီးရီးအေပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အတ္တလန်တာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ညနေ ၅:၀၀ နာရီ)
အတ္တလန်တာက နောက်ဆုံး (၃)ပွဲဆက် သွင်းဂိုးမဲ့ရှုံးပွဲတွေ ကြုံတွေ့ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများလာ တယ်။ ရေတယ်ဂီ ဂိုးပေါက်ပျောက်နေတာကလည်း အတ္တလန်တာအတွက် ထိုးနှက်ချက်ဖြစ်ပြီး အံ့အားသင့်စရာကောင်းအောင် တိုက်စစ်က ကျဆင်းလာခဲ့တယ်။ ဘိုလော့ဂ်နာကတော့ အတ္တလန်တာနဲ့ ဆန့်ကျင်ဘက်ပဲ။ စီးရီးအေနောက်ဆုံး (၁၀)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့ပြီး အဆင့်(၄)နေရာအထိ ရောက်လာတယ်။ အတ္တလန်တာကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ ဘိုလော့ဂ်နာသရေလောက် ရနိုင်တယ်။


ဖီအိုရင်တီးနား - ပါးမား (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၇:၃၀ နာရီ)
ဖီအိုရင်တီးနားက စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၁၀)မှတ် အထိရခဲ့ပြီး ဥရောပဝင်ခွင့်ပြန်မျှော်လင့်နိုင်တဲ့ အခြေအနေကို ရောက်လာတယ်။ ဒါပေမဲ့ ပါးမားရဲ့တန်းဆင်းဇုန်ရုန်းအားကြောင့် သရေကျသွားနိုင်တယ်။


ဗီရိုနာ - ဂျီနိုအာ (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၇:၃၀ နာရီ)
လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်း ကွာဟချက်သိပ်မရှိတဲ့ (၂) သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်တယ်။ ဂျီနိုအာက ရပ်တည်မှု ပိုမြင့်မားပေမဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဗီရိုနာဘက်က ရပ်တည်သင့်တယ်။


ကိုမို - တိုရီနို (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၁၀:၃၀ နာရီ)
နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကိုမိုက ပြိုင်ဘက်ကောင်းတွေကို ရှုံးခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ မွန်ဇာကို အနိုင်ကစားခဲ့တယ်။ တိုရီနိုက ပိုကောင်းတဲ့အသင်းဖြစ်ပေမဲ့ ကိုမိုကို ရွေးချင်တယ်။ ဂိုးနည်း နိုင်တယ်။


လာဇီယို - ရိုးမား (မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက် နံနက် ၁:၁၅ နာရီ)
ရောမဒါဘီတွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းနေပြီး ဥရောပဝင်ခွင့်အတွက် အရမ်းအရေးပါတဲ့ ပွဲပါပဲ။ လက်ရှိအချိန်မှာ လာဇီယိုက ရိုးမားထက် တည်ငြိမ်မှုနည်းပါးတယ်လို့ ဆိုနိုင်ပေမဲ့ အေစီမီလန်၊ အတ္တလန်တာတို့လို ပြိုင်ဘက်ကောင်းတွေကို အနိုင်ကစားခဲ့တာကတော့ ချီးကျူးစရာကောင်းတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ကစားထားရတာကြောင့် လာဇီယိုကစားသမားတွေ ပွဲပန်းနေနိုင်တာကို သတိပြုရပါမယ်။ နည်းပြ ရာနီရေးရီရဲ့ ရိုးမားက Rhythm မှန်နေပြီး ခံစစ်ကလည်း တည်ငြိမ်မှု ရှိတယ်။ ရိုးမားကို ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group