Eleven Media Group

■ ချန်ပီယံလိဂ်မှထွက်ခဲ့ရသော်လည်း ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ပြဿနာမရှိဘဲ အနာဂတ်ကို ရာသီကုန်မှသာ ဆွေးနွေးမည်ဟု အန်ဆယ်လော့တီ တုံ့ပြန်

Photo: Gettyimages

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှထွက်ခဲ့ရသော်လည်း ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ပြဿနာမရှိကြောင်း တုံ့ပြန်ပြောကြားသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် အာဆင်နယ်အသင်းအား အဝေးကွင်း ၌ (၃-၀) ဂိုး၊ အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့် နှစ်ကျော့စလုံးရှုံးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် (၁-၅) ဂိုးဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ယင်းရလဒ်အပေါ် ဒေါသပေါက်ကွဲနေပြီး ရာသီကုန်တွင် အလွန်ဆို သို့မဟုတ် ယာဂန်ကလော့ပ်ကို အစားထိုးခန့်အပ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက ''ကျွန်တော်တို့မှာ တူညီတဲ့ စိတ်ကူးစိတ်သန်းတွေရှိပါတယ်။ အသင်းနဲ့ ဘာပြဿနာမှမရှိပါဘူး။ ပြဿနာတွေရှိနေတယ်လို့ ပြောနေတာတွေက မှားပါတယ်။ ဥက္ကဋ္ဌက ဒီလိုအချိန်တွေမှာ ကျွန်တော်တို့ အနိုင်ရတုန်းကထက်ပိုပြီး ချစ်ခင်မှုကို ပြပါတယ်။ ချန်ပီယံလိဂ်ဆိုတာ အားလုံးအတွက် အရေးကြီးဆုံးပြိုင်ပွဲပါ။ မက်ဒရစ်ရဲ့သမိုင်းအတွက်လည်း ချန်ပီယံလိဂ်က အရေးကြီးဆုံးပါပဲ။ ဒါပေမဲ့ ကျန်တာတွေကို ထည့်မတွက်ဘူးဆိုရင်တော့ မမှန်ပါဘူး။ ဒီကမ္ဘာကြီးမှာ အရာအားလုံးက မေးခွန်းထုတ်စရာတွေချည်းပါပဲ။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဆုဖလား ၃၀ နီးပါးရခဲ့တဲ့အသင်းကို မေးခွန်းထုတ်တာက ကျွန်တော့်အတွက်တော့ လှည့်စားမှုတစ်ခုလိုပါပဲ။ ကျွန်တော်လုပ်ချင်တဲ့ တစ်ခုတည်းသောအရာက ဒီကစားသမားအားလုံးကို ကျေးဇူးတင်ချင်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အချိန်တွေ ပိုင်ဆိုင်ခဲ့ရပြီး အဲဒါကို ဆက်လုပ်ချင်ပါတယ်။ ဒီကစားသမားတွေက မကြာ သေးခင်နှစ်တွေမှာ ကျွန်တော့်ကို ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ရယူဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ အသင်းနဲ့ရော ကစားသမားတွေနဲ့ပါ ကျွန်တော်စကားပြောပြီးပါပြီ။ ကျန်နေသေးတဲ့ ချန်ပီယံဆုတွေအတွက် ဆက်ပြီး တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့အားလုံး သဘောတူထားပါတယ်''ဟု ဖြေကြားသည်။

အန်ဆယ်လော့တီနှင့် ရီးယဲလ်အသင်း ၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေ သော်လည်း ရာသီကုန်တွင် အနာဂတ်ကို ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

''အဲဒီကိစ္စအတွက် ကျွန်တော့်မှာ ဘာမှ ပြောစရာမရှိပါဘူး။ ကျွန်တော် ပြောထားသလိုပါပဲ။ ရာသီကုန်ကျရင် အဲဒီအကြောင်း ကို ကျွန်တော်တို့ပြောဖြစ်မှာပါ''ဟု အန်ဆယ်လော့တီက ဆိုသည်။

ရီးယဲလ်အသင်းသည် လာလီဂါချန်ပီယံဆုအတွက် ဘာစီလိုနာအသင်းနှင့် အပြိုင်ဖြစ်နေပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်ထားကာ ဧပြီ ၂၆ ရက်တွင် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group