Eleven Media Group

■ ဆာလာနှင့် ဗန်ဒိုက်တို့ကို စာချုပ်သက်တမ်းတိုးနိုင်ခြင်းမှာ အနာဂတ်ရည်မှန်းချက်များအပေါ် ယုံကြည်မှုရှိခြင်းကြောင့်ဖြစ်ကြောင်း လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ သုံးသပ်ပြောကြား

Photo: Liverpool FC

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ဆာလာနှင့် ဗန်ဒိုက်တို့ကို စာချုပ်သက်တမ်းတိုးနိုင်ခြင်းမှာ အသင်း၏ အနာဂတ်ရည်မှန်းချက်များအပေါ် ယုံကြည်မှုရှိခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

လီဗာပူးလ်အသင်း၏ အဓိကကစားသမားသုံးဦးဖြစ်သည့် အသင်းခေါင်းဆောင် ခံစစ်အတွင်းလူ ဗန်ဒိုက်၊ ဒုတိယအသင်းခေါင်းဆောင် ညာနောက်ခံလူ အလက်ဇန္ဒားအာနိုးလ်နှင့် တိုက်စစ်ကစားသမား ဆာလာတို့မှာ ယခုရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည် ဖြစ်သည်။

၎င်းတို့သုံးဦးအနက် ဧပြီ ၁၁ ရက်တွင် ဆာလာ၊ ဧပြီ ၁၇ ရက်တွင် ဗန်ဒိုက်နှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ပြီဖြစ်ကြောင်း လီဗာပူးလ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

လီဗာပူးလ်အသင်းက ၎င်းတို့နှင့်ချုပ်ဆိုသည့် စာချုပ်သက်တမ်းကို ထုတ်ပြန်ခြင်းမရှိသော်လည်း ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသည့် နှစ်နှစ်စာချုပ်ဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။

ဆာလာ၊ ဗန်ဒိုက်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ပြီးနောက် အာနယ်ဆလော့က ''အဲဒီစာချုပ်တွေက ကျွန်တော်တို့ဟာ ကိုယ့်အသင်းရဲ့ အကောင်းဆုံးကစားသမားတွေကို ဆက်ပြီးထိန်းထားချင်တယ်၊ အဲဒီကစားသမားတွေက နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ကောင်း မွန်တဲ့ရာသီတွေအဖြစ် ကစားခဲ့သူတွေဆိုတာ ပြောပြနေပါတယ်။ သူတို့တွေက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ကစားသမားတွေဖြစ်သွားချိန်မှာ ကျွန်တော်တို့ရဲ့ လာမယ့်နှစ်တွေအတွက် အံ့အားသင့်စရာကောင်းတဲ့ ရည်မှန်းချက်တွေက သူတို့ကို ဆက်ပြီးထိန်းထားနိုင်ခဲ့တာပါ။ ဗာဂျီလ် (ဗန်ဒိုက်) က ကျွန်တော်တို့အတွက် အရေးပါတဲ့သူပါ။ သူက ကစားသမားကောင်း တစ်ယောက်၊ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူပါ။ သူကစားနေတာကိုမြင်ရတဲ့အခါ သူက ဘယ်လောက်အရေးကြီးလဲဆိုတာ သိတဲ့အတွက် အဲဒါကိုပြောပြဖို့ တော်တော်ခက်ပါတယ်။ နောက်ခံလူတစ်ဦးအနေနဲ့ သူ ဘယ်လောက်ကောင်းလဲဆိုတာကို လူတွေက နှစ်တွေအများကြီး သူ့ကိုချီးကျူးခဲ့ကြပါတယ်''ဟု ပြောကြားသည်။

ဗန်ဒိုက် (ဇူလိုင်လအတွင်း ၃၄ နှစ်ပြည့်မည်) သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ နောက်ခံလူများအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး (လက်စတာနှင့်ပွဲမတိုင်မီ) ပြိုင်ပွဲစုံ ၃၁၄ ပွဲကစား၊ ၂၇ ဂိုး သွင်းယူပေးထားသည်။

ဆာလာ (ဇွန်လအတွင်း ၃၃ နှစ်ပြည့် မည်)မှာလည်း ၂၀၁၇ ခုနှစ် နွေရာသီတွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။

လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သူ အလက်ဇန္ဒားအာနိုးလ် (၂၆ နှစ်) မှာမူ လာမည့်နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိရန် နီးစပ်နေသည်။

မူရင်းသတင်း — Eleven Media Group