Eleven Media Group

အိပ်မက်ထက်ပိုသော

Photo : X

အာတီတာက အာဆင်နယ်အသင်းနဲ့အတူ FA ဖလားတစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်းနှစ်ကြိမ်သာ ရယူနိုင်ပါသေးတယ်။ ဒါပေမဲ့ သူကိုင်တွယ်တဲ့ (၅)နှစ်ခွဲဝန်းကျင်ကာလအတွင်းမှာ အာဆင်နယ်အသင်းဟာ သိသိသာသာတိုးတက်မှုရှိလာတယ်ဆိုတာကိုတော့ ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။ အာတီတာက ၂၀၁၉ ဒီဇင်ဘာမှာ အာဆင်နယ်အသင်းကို စတင်တာဝန်ယူခဲ့ရတာပါ။ ၂၀၁၈-၁၉ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆုဖလားနဲ့ လွဲချော်ခဲ့ရလို့ နည်းပြ အူနိုင်းအမ်မရီအပေါ် ဘဝင်မကျဖြစ်သွားတဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ၂၀၁၉ နိုဝင်ဘာမှာ ရာထူးက ထုတ်ပယ်ပြီး အာတီတာကို ပြောင်းလဲခန့်အပ်ခဲ့တာပါ။

အာတီတာက အာဆင်နယ်အသင်းနဲ့အတူ FA ဖလားတစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်းနှစ်ကြိမ်သာ ရယူနိုင်ပါသေးတယ်။ ဒါပေမဲ့ သူကိုင်တွယ်တဲ့ (၅)နှစ်ခွဲဝန်းကျင်ကာလအတွင်းမှာ အာဆင်နယ်အသင်းဟာ သိသိသာသာတိုးတက်မှုရှိလာတယ်ဆိုတာကိုတော့ ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။ အာတီတာက ၂၀၁၉ ဒီဇင်ဘာမှာ အာဆင်နယ်အသင်းကို စတင်တာဝန်ယူခဲ့ရတာပါ။ ၂၀၁၈-၁၉ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆုဖလားနဲ့ လွဲချော်ခဲ့ရလို့ နည်းပြ အူနိုင်းအမ်မရီအပေါ် ဘဝင်မကျဖြစ်သွားတဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ၂၀၁၉ နိုဝင်ဘာမှာ ရာထူးက ထုတ်ပယ်ပြီး အာတီတာကို ပြောင်းလဲခန့်အပ်ခဲ့တာပါ။ အဲဒီ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်း အဆင့်(၈)နေရာနဲ့ အဆုံးသတ်ခဲ့ရပေမဲ့ အာတီတာက ပွဲဦးထွက်ရာသီမှာပဲ FA ဖလား ရယူနိုင်ခဲ့ပါတယ်။ နောက်ရာသီမှာလည်း အဆင့် (၈)ပဲ ထပ်ရခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေကိုယ်တိုင် အာတီတာရဲ့ အစွမ်းအစအပေါ် သံသယဝင်ခဲ့ကြပေမဲ့ အသင်းတာဝန်ရှိသူတွေကတော့ ယုံကြည်စွာရှေ့ဆက်ခဲ့ပါတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ အာတီတာ က အာဆင်နယ်အသင်းကို ဆုဖလားထပ်ယူပေးနိုင်ခြင်း မရှိသေးပေမဲ့ ဆုဖလားတိုင်းအတွက် စိန်ခေါ်နိုင်စွမ်းအပြည့်ရှိတဲ့ အသင်းတစ်သင်းဖြစ်လာအောင် ပုံဖော်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံးနှစ်ရာသီဆက် ဒုတိယနေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဟာ အာဆင်နယ်အသင်းရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုလို့ ဆိုရမှာပါ။ ဒီရာသီမှာတော့ ဆုဖလားအောင်ပွဲတွေက အာဆင်နယ်အသင်းအတွက် အိပ်မက်အဆင့်ထက်ပိုတဲ့၊ လက်တွေ့ကျတဲ့ မျှော်လင့်ချက်ဖြစ်လာပြီဆိုတာ မြင်တွေ့လာရပါတယ်။ အာဆင်နယ်အသင်းက အသင်းရဲ့သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ ရယူဖူးခြင်းမရှိသေးတဲ့ ချန်ပီယံလိဂ်ဖလားကို ရဲရဲရင့်ရင့်မျှော်လင့်လို့ရတဲ့ အနေအထား ဖြစ်လာခဲ့တာကြောင့်ပါ။

အာစင်ဝင်းဂါးခေတ်လွန်
အာဆင်နယ်လို့ ဆိုလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိလေ့ရှိတဲ့သူက ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးပါ။ ဟားဘတ်ချက်ပ်မန်းနဲ့ ဂျော့ချ်ဂရေဟမ်တို့ကလည်း ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့တဲ့ ဂန္ထဝင်နည်းပြတွေဖြစ်ပေမဲ့ အာစင်ဝင်းဂါးက အအောင်မြင်ဆုံးနဲ့ သက်တမ်းအရှည်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ပါတယ်။ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ဆီ စွဲမက်ဖွယ်ကစားဟန်ကို တင်သွင်းယူဆောင်လာခဲ့သူအဖြစ်လည်း ကျော်ကြားခဲ့ပါတယ်။ သူ့လက်ထက်မှာ အာဆင်နယ်ပရိသတ်တွေ ဂုဏ်ယူခဲ့ရတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အခိုင်အမာသိမ်းပိုက်နိုင်ခဲ့ခြင်းပါပဲ။ ဒါပေမဲ့ အာစင်ဝင်းဂါးက ချန်ပီယံလိဂ်ဖလားကိုတော့ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့ပါဘူူး။ ၂၀၀၅- ၀၆ ရာသီမှာ ဗိုလ်လုပွဲရောက်ရှိခဲ့တာက အမြင့်ဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက အာစင်ဝင်းဂါးနဲ့ လမ်းခွဲခါနီးကာလတွေမှာကတည်းက ယိမ်းယိုင်ကျဆင်းလာခဲ့ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ အကျိုးစီးပွားဖြစ်ထွန်းမှုကို ဦးစားပေးပြီး ကစားသမားတွေစဉ်ဆက် မပြတ်အားဖြည့်ဖို့ပျက်ကွက်မှု၊ ဆုဖလားအောင်ပွဲ ရယူဖို့ အလေးမထားမှုတွေကြောင့် အာဆင်နယ်အသင်းအင်အားလျော့ကျလာခဲ့ခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု၊ စိန်ခေါ်မှုတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်က ချန်ပီယံဆုအတွက် မန်ယူ၊ ချယ်လ်ဆီးတို့နဲ့သာ ပြိုင်ဆိုင်ရသလို ဖြစ်ခဲ့ရာက နောက်ပိုင်းမှာ မန်စီးတီးအသင်းက အားကောင်းလာပါတယ်။ အာစင်ဝင်းဂါးနဲ့ လမ်းခွဲပြီးနောက်မှာတော့ လီဗာပူးလ်ကလည်း အရှိန်ကောင်းလာပါတယ်။ ဒီတော့ အာစင်ဝင်းဂါး ခေတ်လွန်ကာလမှာ အာဆင်နယ်အသင်းကို ကိုင်တွယ်ရတဲ့နည်းပြတွေအတွက် ဆုဖလားအောင်ပွဲ ရယူနိုင်ဖို့က ပိုပြီးခက်ခဲလာပါတယ်။ အာဆင်နယ် နည်းပြရာထူးကို အာစင်ဝင်းဂါးဆီက လွှဲပြောင်း ရယူခဲ့သူက လက်ရှိအချိန်မှာ အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်နေတဲ့ အူနိုင်းအမ်မရီပါ။ အူနိုင်းအမ်မရီကိုသာ စိတ်ရှည်သည်းခံပြီး အခွင့်အရေးထပ်ပေးခဲ့ရင် အာဆင်နယ်အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်တယ်လို့ ယူဆသူ တွေလည်း ရှိကြပါတယ်။ အာဆင်နယ်အသင်းက အူနိုင်းအမ်မရီကို ရာထူးက ထုတ်ပယ်ခဲ့ချိန်မှာ ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် (၆)ပွဲတာဝန်ပေးပြီးမှ အာတီတာကို ခန့်အပ်ခဲ့တာပါ။ မန်စီးတီးအသင်းမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ အာတီတာကို နည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်ခဲ့တာဟာ အာဆင်နယ်အသင်းအတွက် ကြေးကြီးတဲ့ အလောင်းအစားတစ်ခုပါပဲ။ ဒါပေမဲ့ အာတီတာက မျှော်လင့်ထားတာထက် ပိုတဲ့အစွမ်းအစတွေ ရှိနေသူ ဖြစ်ခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ စိုးမိုးမှုကို မဖောက်ထွက်နိုင်သေးပေမဲ့ အကောင်းဆုံးစိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာပါတယ်။ နောက်ဆုံးနှစ်ရာသီဆက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ရုံသာမက ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိလုနီးပါးလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီရာသီမှာ ပရိသတ်တွေက ပိုပြီးမျှော်လင့်ချက်ထားလာခဲ့ပေမဲ့ ထိပ်တန်းတိုက်စစ်မှူးအားဖြည့်ဖို့ ပျက်ကွက်ခြင်းနဲ့အတူ ဒဏ်ရာပြဿနာတွေ၊ အမှတ်လျော့မှုတွေများခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို စောစောစီးစီး စွန့်လွှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယနေရာမှာ (၃)ရာသီဆက် ရပ်တည်နိုင်ဖို့တော့ အလားအလာများနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအတွက် အရေးကြီးနေတာက ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ရေး မဟုတ်ပါဘူး။ ဆီမီးဖိုင်နယ်အဆင့် ရောက်လာပြီ ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားရယူနိုင်အောင် တိုက်ပွဲဝင်သွားဖို့ပါ။

ဖလားသုံးလုံး ပြိုင်ဘက်များနဲ့
အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ၂၀၀၈-၀၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။ ၂၀၁၇-၁၈ ရာသီကနေ ၂၀၂၂-၂၃ ရာသီအထိ ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ကျင်လည်နေခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာမှ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ပြန်ရခဲ့တာပါ။ အဲဒီ ပွဲဦးထွက်ရာသီမှာပဲ အာတီတာက ကွာတားဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာသာ ခြေစွမ်းပြနေတာမဟုတ်ဘဲ ဥရောပအဆင့်မှာလည်း စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြသခဲ့တာပါ။ ဒီရာသီမှာတော့ ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ လိဂ်အဆင့်မှာ (၆)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်နဲ့ တတိယနေရာ ရရှိခဲ့သလို၊ (၁၆)သင်းအဆင့်မှာ PSV အသင်းကို နှစ်ကျော့ပေါင်း (၉-၃)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်း (၅-၁)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့နှစ်ပွဲက အာဆင်နယ်အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်ကို အကောင်းဆုံး မှတ်ကျောက်တင်ပေးခဲ့တဲ့ပွဲတွေ ဖြစ်ခဲ့ပြီး နှစ်ကျော့စလုံး အနိုင်ယူခဲ့တာကြောင့်လည်း ဒီရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဖလား ရနိုင်တယ်ဆိုတဲ့ ထောက်ခံမှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ဆုဖလားအောင်ပွဲအတွက် ဆီမီးဖိုင်နယ်နှစ်ကျော့နဲ့ ဗိုလ်လုပွဲ စုစုပေါင်း(၃)ပွဲသာ ယှဉ်ပြိုင်ရတော့မှာဖြစ်တာကြောင့် လက်တစ်ကမ်းအကွာကို ရောက်နေခဲ့ပါပြီ။ ဒီနေရာမှာ ထူးခြားတာတစ်ခုကတော့ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့ ပြိုင်ဘက်(၃)သင်းနဲ့ အပြိုင်လုရမယ့်အခြေအနေဖြစ်နေခြင်းပါပဲ။ အာဆင်နယ်အသင်းက FA ဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခဲ့ရသလို၊ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်ကိုလည်း စောစောစီးစီးပဲ အဆုံးသတ်ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ မျှော်လင့်စရာက ချန်ပီယံလိဂ်ဖလားတစ်ခုသာ ရှိပါတော့တယ်။ ဒီအချိန်မှာ ပြိုင်ဘက်တွေကတော့ ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေကြပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို အာဆင်နယ်နဲ့အတူ PSG၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ တက်ရောက်ခဲ့ကြတာပါ။ PSG အသင်းက ပွဲမကုန်ခင်မှာပဲ ပြင်သစ်လီဂူးချန်ပီယံဆု ရယူနိုင်ခဲ့ပြီ ဖြစ်ပြီး ပြင်သစ်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ ရောက်ထားပါတယ်။ ရင်ဆိုင်ရမယ့်ပြိုင်ဘက်ကလည်း Reims ဖြစ်တာကြောင့် PSG အသင်းအတွက် ပြည်တွင်းဖလားနှစ်လုံးက သေချာနေပြီလို့ ဆိုရမှာပါ။ ချန်ပီယံလိဂ်သာ ရယူနိုင်ခဲ့ရင် ဖလားသုံးလုံးအောင်ပွဲ ရရှိမှာပါ။ ဘာစီလိုနာအသင်းကလည်း လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး စပိန်ဘုရင့်ဖလားမှာ ဗိုလ်လုပွဲရောက်နေတာကြောင့် ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ အင်တာမီလန်ကလည်း စီးရီးအေချန်ပီယံဆုကို နာပိုလီနဲ့ အပြိုင်လုနေရပြီး ကိုပါအီတာလီယာမှာလည်း ဆီမီးဖိုင်နယ်ရောက်နေတာကြောင့် ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ဖလားသုံးလုံး လမ်းကြောင်းပေါ်က အသင်းတွေနဲ့ ပြိုင်ဆိုင်သွားရမယ့် အခြေအနေပါ။ အချက်အလက်တွေအပေါ် အခြေခံတွက်ချက်တဲ့ Opta ရဲ့ စူပါကွန်ပျူတာကတော့ ချန်ပီယံလိဂ်ဖလားကို အာဆင်နယ်အသင်း ရရှိနိုင်ခြေအများဆုံးအဖြစ် ခန့်မှန်းထားပါတယ်။ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၂၈.၇ %)ရှိတယ်လို့ တွက်ချက်ထားပြီး အင်တာမီလန်က (၂၅.၅ %)၊ PSG က (၂၄.၀ %)၊ ဘာစီလိုနာက (၂၁.၈ %) ရှိတယ်လို့ တွက်ချက်ထားတာပါ။ အာတီတာရဲ့ ဦးဆောင်မှုနဲ့အတူ အာဆင်နယ်အသင်း သမိုင်းဝင်အောင်ပွဲ ရယူသွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် အာတီတာက ချန်ပီယံလိဂ်ဖလားကို စိတ်ကူးယဉ်ရုံ၊ အိပ်မက်မက်ရုံလောက် မဟုတ်တော့ဘဲ လက်တွေ့ကျကျ မျှော်လင့်လို့ရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီဆိုတာတော့ သေချာပါတယ်။ ဆုဖလားကို လက်တွေ့ကိုင်မြှောက်ခွင့်ရအောင် အာတီတာ စွမ်းဆောင်နိုင်မလား ဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group