
လီဗာပူးလ်အသင်းက အသင်းခေါင်းဆောင် ဗန်ဒိုက် (၃၃ နှစ်)ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ၂၀၁၈ ဇန်နဝါရီမှာ ဆောက်သမ်တန်ကနေ လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ လီဗာပူးလ်နဲ့အတူ အဓိကဆုဖလား (၇)လုံး ရရှိထားပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားဖြစ်နေပါပြီ။ လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက်မှာတော့ ဗန်ဒိုက်က သူ့ရဲ့ခံစားချက်၊ ရည်မှန်းချက်နဲ့ အတွေ့အကြုံတွေအကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ် . . .
လီဗာပူးလ်အသင်းက အသင်းခေါင်းဆောင် ဗန်ဒိုက် (၃၃ နှစ်)ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ၂၀၁၈ ဇန်နဝါရီမှာ ဆောက်သမ်တန်ကနေ လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ လီဗာပူးလ်နဲ့အတူ အဓိကဆုဖလား (၇)လုံး ရရှိထားပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားဖြစ်နေပါပြီ။ လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက်မှာတော့ ဗန်ဒိုက်က သူ့ရဲ့ခံစားချက်၊ ရည်မှန်းချက်နဲ့ အတွေ့အကြုံတွေအကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ် . . .
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်နှင့် တွေ့ဆုံခြင်း
မေး - ခင်ဗျား စာချုပ်သက်တမ်းတိုးခဲ့တဲ့ သတင်းက လီဗာပူးလ်အသင်း ပရိသတ်သန်းပေါင်းများစွာကို ပျော်ရွှင်စေပါတယ်။ ခင်ဗျားရော ဘယ်လိုခံစားရလဲ။
ဖြေ - အရမ်းပျော်တယ်။ အရမ်းဂုဏ်ယူပါတယ်။ အခု အဲဒီစိတ်ခံစားချက်တွေကို ကျွန်တော် ပြောပြနေတာပါ။ အရမ်းဂုဏ်ယူပြီး အရမ်းလည်းပျော်ပါတယ်။ အံ့မခန်းပါပဲ။ အခုလိုကြီးကျယ်ခမ်းနားတဲ့ ကလပ်မှာ ကျွန်တော် နောက်ထပ် (၂)နှစ် ကစားခွင့်ရမှာပါ။ ကျွန်တော် အရမ်းပျော်ပါတယ်။
မေး - အမြဲတမ်း လီဗာပူးလ်ပဲ မဟုတ်လား။
ဖြေ - ဟုတ်ပါတယ်။ အမြဲတမ်း လီဗာပူးလ်ပါပဲ။ လီဗာပူးလ်က ကျွန်တော့်ခေါင်းထဲမှာ အမြဲတမ်း ရှိနေတယ်။ ကျွန်တော့်ရဲ့ Plan တွေက အမြဲတမ်း လီဗာပူးလ်အတွက်ပါပဲ။ ဒီအသင်းက ကျွန်တော့်ရဲ့နေရာဖြစ်ပြီး ကျွန်တော့်ရဲ့မိသားစုဖြစ်တယ်ဆို တာကို ဘယ်တုန်းကမှ ကျွန်တော် သံသယ မရှိခဲ့ပါဘူး။ ကျွန် တော်က လီဗာပူးလ်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ တစ်နေ့ လူတစ်ယောက်က ကျွန်တော့်ကို မွေးစား Scouser (လီဗာပူးလ်မြို့ သား) လို့ ခေါ် ခဲ့တယ်။ အဲဒီလိုအခေါ် ခံရတာကို ကျွန်တော် အရမ်းဂုဏ်ယူတယ်။ ခံစားချက်လည်း ကောင်းတယ်။
မေး - လီဗာပူးလ်ကို စရောက်တုန်းက နေရာမှန်ကို ရောက်လာပြီလို့ ခံစားခဲ့ရတယ်လို့ ခင်ဗျားပြောခဲ့တယ်။ အခုရော။
ဖြေ - အမြဲတမ်းမှန်တယ်လို့ ခံစားရပါတယ်။ ပထမဆုံးနေ့မှာ မှန်တယ်လို့ ခံစားရတယ်ဆိုပြီး ကျွန်တော် ပြောခဲ့တယ်။ အဲဒီစကားမှန်ကြောင်း ကျွန်တော်တို့ အတူတကွဖြတ်သန်းခဲ့တဲ့ ကာလတွေက သက်သေပါပဲ။ ဒီနေရာက ကျွန်တော့်ရဲ့နေရာဖြစ်ပြီး ကျွန်တော့်ရဲ့အကောင်းဆုံးနှစ်တွေ ဖြတ်သန်းခဲ့တဲ့ နေရာလည်း ဖြစ်တယ်။ အောင်မြင်မှုတွေ ရခဲ့သလို အနာဂတ်မှာလည်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီမြို့ကို ချစ်တယ်။ ဒီကလပ်ကို ချစ်တယ်။ ဒီပရိသတ်တွေကို ချစ်တယ်။ အသင်းဖော်တွေကို ချစ်တယ်။ လီဗာပူးလ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် ချစ်ပါတယ်။
မေး - လက်ရှိအသင်းက ခင်ဗျား စရောက်တုန်းက လီဗာပူးလ်အသင်းထက် ပိုကောင်းမှာပေါ့။
ဖြေ - ကျွန်တော် မသိပါဘူး။ အဲဒီလိုနှိုင်းယှဉ်ပြီးလည်း မပြောချင်ပါဘူး။ ကျွန်တော် လီဗာပူးလ်ကို စရောက်တုန်းက အသင်းက ဘာကိုရည်မှန်းမယ်ဆိုတာနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ရည်မှန်းချက်တွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ ဘာလဲဆိုတာ သေချာမရှိဘူး။ အခုတော့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေက မြင့်မားပါတယ်။ အခု ကျွန်တော်က အသင်းခေါင်းဆောင်ဖြစ်ပြီး အနိုင်၊ အရှုံးများစွာကို ကြုံတွေ့ခဲ့ဖူးပါပြီ။ ဒီမှာ ကစားခွင့်ရတာ၊ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့်ရတာက ကျွန်တော့်အတွက်တော့ အထူးအခွင့်အရေးပါပဲ။
မေး - ခင်ဗျားရဲ့ရည်မှန်းချက်တွေ၊ အိပ်မက်တွေ တော်တော်များများက ပြည့်ပြီးပြီပေါ့။ အခုတော့ ခင်ဗျားက လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင်ပေါ့။
ဖြေ - ဟုတ်ပါတယ်။ ခင်ဗျားရဲ့အခုပြောလိုက်တဲ့ စကားက ကျွန်တော့်ကို ကြက်သီးထစေတယ်။ အသင်းခေါင်းဆောင်ဆိုတာ အရမ်းကြီးမားတဲ့ အရာဖြစ်ပြီး ကစားသမားတိုင်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က လီဗာပူးလ်ရဲ့အသင်းခေါင်းဆောင် ဖြစ်နေတယ်။ ဒါက ဘုရားသခင်ရဲ့ ကောင်းချီးပေးခံရတာဖြစ်ပြီး ကျွန်တော့်အတွက် အထူးအခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒါကို ကျွန်တော် အရမ်းမြတ်နိုးပါတယ်။
မေး - လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ရာမှာ ခင်ဗျားမိသားစုနဲ့ ကလေးတွေရဲ့ လွှမ်းမိုးမှုလည်း ပါမှာပေါ့။
ဖြေ - (၁၀၀) ရာခိုင်နှုန်း သေချာတာပေါ့ဗျာ။ ရာသီက အရမ်းကောင်းနေချိန်မှာ ကျွန်တော့်အနေနဲ့ အသင်းမှာ ဆက်ရှိ၊ မရှိ မသေချာဘဲ နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ရတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့အားလုံး ဆုံးဖြတ်ခဲ့တာပါ။ ဒီမှာ နောက်ထပ် (၂) နှစ် နေခွင့်ရတာက ကျွန်တော်တို့အတွက် အရမ်းကို ကံကောင်းပါတယ်။
မေး - လီဗာပူးလ်ကို စရောက်တုန်းက ဖလားတွေ လိုချင်တယ်လို့ ခင်ဗျား ပြောခဲ့တယ်။ ခင်ဗျား ဖလားအားလုံးရပြီးပါပြီ။ အခု လောဘ ပိုတက်လာတယ်မလား။
ဖြေ - ဟုတ်ပါတယ်။ ရာနှုန်းပြည့်ပါပဲ။ အောင်မြင်မှုတွေ ရလာတဲ့အခါ အဲဒီအောင်မြင်မှုတွေက လီဗာပူးလ်နဲ့ ပတ်သက်တဲ့လူတွေအတွက် ဘယ်လို အဓိပ္ပာယ်ရှိတယ်ဆိုတာကို သိလာတယ်။ အဲဒါကြောင့်ပဲ အောင်မြင်မှုတွေကို ထပ်ကာထပ်ကာ လိုချင်လာတယ်။ ကျွန်တော်က အနိုင်ရသူပါ။ ပွဲတိုင်း ကျွန်တော် အနိုင်ရချင်တယ်။ ကျွန်တော့်အနေနဲ့ ပွဲတိုင်း အနိုင်ရအောင် ကြိုးစားချင်တယ်။ ဒါက လာမယ့် (၂) နှစ်အတွက် ကျွန်တော်ရဲ့ ရည်မှန်း ချက်ပါပဲ။ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမယ်။ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။
မေး - ခင်ဗျားက လီဗာပူးလ်ကို ချစ်ကြောင်းပြောတယ်။ လီဗာပူးလ် ရဲ့အိမ်ဖြစ်တဲ့ အန်ဖီးလ်အပေါ် ခင်ဗျားရဲ့ အချစ်ကရော ဘယ်လိုလဲ။
ဖြေ - ခင်ဗျား ပြောသလိုပဲ။ အန်ဖီးလ်က အိမ်ပါပဲ။ ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီး မပြောတတ်တော့ဘူး။ ဒါက အိမ်ပါပဲ။ ကျွန်တော်က ကံကောင်းတယ်လို့ ပြောရမယ်။ ဒီနှစ်တွေအတွင်း ဒီနေရာမှာ ကျွန်တော် ပွဲတွေတော်တော်များများ အနိုင်ရခဲ့တယ်။ ပရိသတ်တွေရဲ့အားပေးမှုက အမြဲတမ်း အဓိကကျပါတယ်။ ကစားသမားတွေအတွက် ပရိသတ်တွေရဲ့အားပေး မှုက အရမ်းအရေးပါပြီး အကူအညီဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အန်ဖီးလ်က ပရိသတ်တွေရဲ့ အားပေးမှုက အံ့မခန်းပါပဲ။ အနာဂတ်မှာ ပိုသာဖို့ မျှော်လင့်ပါတယ်။
မေး - လီဗာပူးလ်ပရိသတ်တွေက ခင်ဗျားအတွက် ဘယ်လို အဓိပ္ပာယ်လဲ။
ဖြေ - အရမ်းကို အဓိပ္ပာယ်ရှိပါတယ်။ ဒါကြောင့်လည်း ဒီမှာ နောက်ထပ် (၂) နှစ်ထပ်ကစားဖို့ အတွက် ကျွန်တော် စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ဒီက လူတွေက အရမ်းကောင်းပါတယ်။ ဒီနှစ်တွေ အတွင်းမှာ သူငယ်ချင်းတွေလည်း အများကြီး တိုးလာခဲ့ပါတယ်။ သူတို့နဲ့ ပေါင်းသင်းပြီးနောက်မှာ ဘဝမှာ ဘာကို တန်ဖိုးထားရမယ်။ ဘဝမှာ ဘာတွေအရေးကြီးတယ်ဆိုတာကိုလည်း ပိုနားလည်လာပါတယ်။ ဒီမှာ ကျွန်တော့်အနေနဲ့ အရေးပါသူအဖြစ် ခံစားရပြီး အဲဒီအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။
မေး - အသင်းခေါင်းဆောင်အနေနဲ့ ခင်ဗျားရဲ့ ခံယူ ချက်က ဘယ်လိုရှိလဲ။
ဖြေ - အမြဲတမ်းသင်ယူနေဖို့ လိုတယ်လို့ ထင်ပါတယ်။ သင်ယူမှုကို ဘယ်တော့မှ ရပ်တန့်လို့ မရပါဘူး။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝမှာ ကလပ်ပေါင်းများစွာမှာ ကစားခဲ့ဖူးပြီး အသင်းခေါင်းဆောင်များစွာနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ လူတိုင်းမှာ သင်ယူစရာတွေ ရှိတာ ချည်းပါပဲ။ လီဗာပူးလ်မှာ နှစ်ပေါင်းများစွာ အသင်းခေါင်းဆောင်လုပ်ခဲ့တဲ့ ဟန်ဒါဆန်ဆီကလည်း ကျွန်တော် သင်ယူခဲ့တာတွေ အများကြီးပါ။ ပြီးတော့ ဂျိမ်းစ်မီလ်နာဆီကလည်း များစွာသင်ယူခဲ့ရပါတယ်။ ကွင်းတွင်ကွင်းပြင် ဦးဆောင်ရတာ မလွယ်ပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတိုင်းကို သက်သောင့်သက်သာဖြစ်အောင် ကိုယ့်နည်းကိုယ်ဟန် နဲ့ ကြိုးစားနေပါတယ်။
မေး - ခင်ဗျားရဲ့အတွေ့အကြုံအချို့က ခင်ဗျားရဲ့ ဘဝကို ပြောင်းလဲစေမှာပါ။ ဖလားတွေရခဲ့တယ်။ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့တယ်။ ပိုကောင်းတဲ့ အခိုက်အတန့်လာဦးမယ်လို့ ခင်ဗျား ခံစားရလား။
ဖြေ - ဟုတ်ကဲ့။ မျှော်လင့်ပါတယ်။ လူတွေက သူတို့ဘဝမှာ အများအားဖြင့် အရမ်းဝေးကွာတဲ့ အနာဂတ်ကို မကြည့်ချင်ကြပါဘူး။ ကျွန်တော်လည်း အဲဒီလိုပါပဲ။ ဒါပေမဲ့ အနာဂတ်ကို ပုံဖော်မကြည့်ဘူးလို့ ကျွန်တော်ပြောမယ်ဆိုရင် ကျွန်တော် လိမ်ရာကျမှာပေါ့။ တစ်ခါတလေကျတော့ အနာဂတ်ကို စိတ်ကူးယဉ်ကြည့်တာပါပဲ။ ဒါက အရမ်းကို အဓိပ္ပာယ်ရှိပါတယ်။
မေး - လီဗာပူးလ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သိပ်မလိုတော့ဘူး။ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ ဘယ်လောက်ထိ စိတ်အားထက်သန်နေလဲ။
ဖြေ - မို(ဆာလာ)လည်း ပြောတာကို ကျွန်တော် ကြားဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ ထိုက်တန်ပါတယ်။ ဒါကြောင့် မို ပြောတာကို ကျွန်တော် အပြည့်အဝနားလည်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ အလုပ်ကိုပြီးအောင် လုပ်ရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော် တို့ အလုပ်ပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ဘယ်နှရက်ဖြစ်ဖြစ်၊ ဘယ်နှပတ်ဖြစ်ဖြစ် စိတ်ကြိုက်အောင်ပွဲခံဖို့ ထိုက်တန်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရမ်းကြိုးစားခဲ့ရလို့ပါ။ ကျွန်တော့်အနေနဲ့ အနာဂတ်အကြောင်း ပြောရတာကို သိပ်တော့ မကြိုက်ဘူး။ လက်ကျန်ပွဲတွေမှာ အန်ဖီးလ်ကွင်းကိုလာဖို့ ပရိသတ်တွေကို ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ပရိသတ်တွေအနေနဲ့ အနီရောင်ကိုဝတ်ပြီး အန်ဖီးလ်မှာ စိတ်ရှိတိုင်း အော်ဟစ်အားပေးပြီး အောင်ပွဲခံစေချင်ပါတယ်။