
၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မီးလောင်မှု ၁၈၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ကျပ် ၁၉၂ ဘီလျံကျော် ဆုံးရှုံးခဲ့ကာ တစ်နှစ်လျှင် လူဦးရေ ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဖော်ပြသည့်အချက်အလက်များအရ သိရသည်။
မေ ၅ ရက်တွင် ကျရောက်သည့် ၇၉ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုမှတ်တမ်းတွင် ယင်းအချက်အလက်များအား ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်း ၂၀၁၅ ခုနှစ် ၂၀၂၄ ခုနှစ်အထိ မီးလောင်မှုအကြိမ်ရေပေါင်း ၁၈၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၉၂ ဘီလျံကျော်ရှိခဲ့ပြီး မီးလောင်မှုများကြောင့် နှစ်စဉ် ပျမ်းမျှသေဆုံးသူ ၁၀၀ ခန့်၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ခန့်ရှိကြောင်း ဖော်ပြချက်တွင် ပါရှိသည်။
အလားတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မီးအမျိုးအစား အလိုက် မီးဖိုမီး ၁၄၇ ကြိမ်၊ ပေါ့ဆမီး ၂၆၈ ကြိမ်၊ အလိုအလျောက်မီး ၁၇ ကြိမ်၊ လျှပ်စစ်မီး ၃၅၂ ကြိမ်၊ မသမာသူရှို့မီး ၆၁ ကြိမ်၊ တော မီး ၆၂ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၄၃ ကြိမ်၊ မိုးကြိုးပစ်တစ်ကြိမ်၊ စုစုပေါင်းမီးလောင်မှု ၉၅၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုများကြောင့် အိမ်ခြေအဆောက်အအုံ ၃၆၅၁ လုံးတွင် စက်ရုံ/ အလုပ်ရုံ ကိုးလုံး၊ ဂိုဒေါင် ၄၄ လုံး မီးလောင်ခံခဲ့ရကြောင်း၊ မီးဘေးသင့်ပြည်သူ ၈၅၅၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ မီးလောင်မှုများကြောင့် လူ ၇၆ ဦး သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိကာ တိရစ္ဆာန် ၅၈၉ ကောင် သေဆုံးပြီး ကျပ် ၇၈၃၉ ဒသမ ၃၉၄ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မီးလောင်မှုများတွင် ‘မီးဖိုမီး၊ လျှပ်စစ်မီး၊ ပေါ့ဆမီး’ များသည် အများဆုံးတွေ့ရှိရသော အချက်များဖြစ်သည့်အတွက် မီးဖိုမီးကြောင့် ဖြစ်ပွားတတ်သော မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဖိုအနီး လူစောင့်ထားရှိခြင်း၊ လောင်စာဆီများ မထားကြရန်နှင့် အိုမင်းမစွမ်းသူများ၊ ကလေးငယ်များအား မီးမွှေးခြင်း၊ ထမင်းချက်ခြင်း၊ ရေနွေးကျိုခြင်းများ မပြုလုပ် ခိုင်းခြင်း၊ မီးဖိုနံဘေးနှင့် အမိုး/နံရံအကြား လုံလောက်သော အပူခံအကာအရံများ ထားရှိစေခြင်းဖြင့် မီးလောင်မှုမှ ကင်းဝေးစေမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက အကြံပြုထုတ်ပြန်သည်။
မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုအတွက် အိမ်တိုင်းတွင် ကနဦးလုပ်ဆောင်ရန်အနေဖြင့် နှစ်ကာလရှည်ကြာ၍ ဟောင်းနွမ်းဆွေးမြည့်နေသည့် လျှပ်စစ်ဝိုင်ယာကြိုးများ လဲလှယ်ထားခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုး (Fuse) များကို ဝန်နှင့်အားမျှတအောင် သုံးစွဲခြင်း၊ လျှပ်စစ်မီးဖို၊ မီးပူများ သုံးစွဲပြီးလျှင် (သို့မဟုတ်) လျှပ်စစ်မီးပျက်လျှင် မီးခလုတ်ပိတ်ပြီး ပလပ်ခေါင်းဖြုတ်ထားခြင်း၊ လျှပ်စစ် ဝိုင်ယာရှော့ဖြစ်လျှင် ပင်မ (မိန်း) ခလုတ်ပိတ်ပြီး ခြောက်သွေ့သောအဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ်ငြိှမ်းသတ်ခြင်း၊ ချွတ်ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများ အသုံးမပြုကြရန်နှင့် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်များအပေါ် လိုက်နာခြင်းအားဖြင့် မီးဘေးကာကွယ်ရေးအသိဖြင့် ကြိုတင်ဆောင်ရွက်စီမံထားမည်ဆိုပါက ပေါ့ဆမီးကြောင့် ဖြစ်ပွားတတ်သော မီးလောင်မှုများကို လျော့နည်းစေမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။