Eleven Media Group

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ တောင်ကြားရပ်ကွက် လက်ပံကုန်းအပိုင်းရှိ တောင်ယာသွားရာ တောလမ်းနှင့် လယ်တဲပေါ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူငယ်သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိ

သထုံ၊ မေ ၇

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ တောင်ကြားရပ်ကွက် လက်ပံကုန်းအပိုင်းရှိ တောင်ယာသွားရာ တောလမ်းနှင့် လယ်တဲပေါ်တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည့် လူငယ်သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ မေလ ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က အဆိုပါ တောင်ကြားရပ်ကွက် လက်ပံကုန်းအပိုင်း တောင်ယာများရှိရာသို့ သွားရာ တောလမ်းတွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်းများအား ဒေသခံတောင်သူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သုဝဏ္ဏဝတီမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လူငယ်နှစ်ယောက်က Honda Wave – 100 အမျိုးအစား ဆိုင်ကယ်ပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာမျိုး တွေ့ရတယ်။ သူတို့ရဲ့အနီးမှာ 9 MM ကျည်ခွံ ခုနစ်ခု တွေ့ရတယ်။ သေဆုံးနေသူနှစ်ဦးက အသက် ၂၂ နှစ်အရွယ် အာပေကော် ဆိုသူနဲ့ အသက် ၃၀ နှစ်အရွယ် ဝင်းကိုဦး ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။ သူတို့က တောင်ကြားရပ်ကွက်မှာ နေထိုင်သူတွေပါ” ဟု ပြောကြားသည်။

နောက်ထပ်လူငယ်တစ်ဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် စိုပြည့်ထူး ဆိုသူ၏ ရုပ်အလောင်းအား လယ်တောထဲရှိ လယ်တဲပေါ်တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းနှင့် ယင်းလယ်တဲပေါ်ရှိ ပလိုင်းအတွင်းမှလည်း WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ခဲပြားအပိုင်းအစများ၊ တူမီးသေနတ်တွင် ထည့်သွင်းအသုံးပြုပစ်ခတ်သည့် ဘောစိ ရှစ်လုံး၊ ရုပ်အလောင်းအနီးတွင် Leo ဘီယာဗူးခွံ တစ်ခုနှင့် 9 MM ကျည်ခွံ ရှစ်ခု၊ ကျည်ဖူး နှစ်ခု တွေ့ရှိခဲ့ရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူငယ်သုံးဦး၏ ရုပ်အလောင်းများအား ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူများအား သက်ဆိုင်ရာက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ အာပေကော် ဆိုသူတွင် ပါးစပ်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ညာဘက်ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝင်းကိုဦး ဆိုသူတွင် ပါးစပ်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ညာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ၊ စိုးပြည့်ထူး ဆိုသူတွင် ဘယ်ဘက်ဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဘယ်ဘက်နားထင်ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြသည့် လူငယ်သုံးဦးမှာ မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေကြသည်ကို မသိရသေးကြောင် ယင်းဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် မေလ ၃ ရက်ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရှုးကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးဖြစ်သူ ကိုစိုးသန်း (ခ) သားကြီး ဆိုသူမှာလည်း လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ဘိုဘိုမြင့်
Photo Credit – Pan

မူရင်းသတင်း — Eleven Media Group