Eleven Media Group

■ အန်တိုနီနှင့် ဂါနာချိုတို့ကို ခေါ်ယူရန် တန်ဟက်ဂ် ပစ်မှတ်ထားနေ

လေဗာကူဆင်အသင်း၏နည်းပြသစ် အဲရစ်တန်ဟက်ဂ်သည် မန်ယူနိုက်တက်အသင်းမှ တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သည့် အန်တိုနီနှင့် ဂါနာချိုတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

မန်ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် လေဗာကူဆင်အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် အသင်းကို ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေရာ အသင်းဟောင်းမှ ကစားသမားနှစ်ဦးကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။

မန်ယူနိုက်တက်အသင်းသည် အသင်းနည်းပြ အာမိုရင်မ်နှင့် အဆင်မပြေဖြစ်နေသည့် ဂါနာချိုနှင့် ဘက်တစ်အသင်းထံသို့ ရာသီဝက်အငှားချခဲ့သည့် အန်တိုနီတို့ကို ယခုနွေတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

မန်ယူနိုက်တက်အသင်းသည် ဂါနာချို(၂၀ နှစ်)အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၇၀) အလိုရှိနေပြီး အန်တိုနီ(၂၅ နှစ်)အတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်းဝန်းကျင် အလိုရှိနေကြောင်း သိရသည်။

လေဗာကူဆင်အသင်းအနေဖြင့် ဥရောပထိပ်တန်းအသင်းကြီးများ စိတ်ဝင်စားနေသည့် ဂါနာချိုအား ခေါ်ယူရန် ခက်ခဲနိုင်ပြီး အန်တိုနီကိုမူ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း ဂျာမန်မီဒီယာများက ဖော်ပြနေကြသည်။

မူရင်းသတင်း — Eleven Media Group