
မန်စီးတီးအသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားသမားခေါ်ယူမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး ဖလားလက်မဲ့ဖြစ်ခဲ့သည့်အတွက် လာမည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းအားဖြည့်မှုများ ပြုလုပ်သွားရန် ပြင်ဆင်နေသည်။
ယင်းအခြေအနေတွင် မန်စီးတီးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ အယ်လ်မူဘာရက်က ကစားသမားသစ် ခေါ်ယူမှုများကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အပြီးသတ်နိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကလပ်ကမ္ဘာ့ဖလားပြိုင် ပွဲကို ဇွန်(၁၄)ရက်မှ ဇူလိုင်(၁၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် အုပ်စု (G) ၌ ဝီဒတ်၊ အယ်လ်အိန်း၊ ဂျူဗင်တပ်စ်အသင်းတို့နှင့်အတူ ကျရောက်နေသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့သောကြောင့် ယင်းပြိုင်ပွဲ၌ အောင်မြင်မှုရယူနိုင်ရန် အယ်လ်မူဘာရက်က ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် အေစီမီလန်ကွင်းလယ်လူ ရင်းဒါးစ်၊ လိုင်ယွန်တိုက်စစ်ကစားသမား ချာကီ၊ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်တိုက်စစ်ကစားသမား ဂစ်ဝှိုက်တို့ကို ခေါ်ယူရန် ကြိုးပမ်းနေသည်။
ယင်းတို့အနက် ရင်းဒါးစ်မှာ ဂွါဒီယိုလာ အလိုအရှိဆုံးကစားသမားဖြစ်ကြောင်း သိရသည်။